မိတ်ကပ်တွေနေ့တိုင်းလိမ်းပြီး ပြင်ဆင်နေရင် အသားအရေ ထိခိုက်ပျက်စီးစေတယ်ဆိုတာတော့ လူတိုင်းသိမှာပါ။ တကယ်တော့ အသားအရေ ထိခိုက်ပျက်စီးရုံတင်မဟုတ်ပဲ တခြားအရာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် မိတ်ကပ်တွေနေ့တိုင်းပြင်နေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ရုပ်ရင့်လာခြင်း

မိတ်ကပ်ကို တစ်ခါတစ်လေပြင်တာ၊ တစ်ပတ်တစ်ခါ၊ နှစ်ခါလောက် အပြင်သွားလို့ပြင်တာမျိုးက ကိစ္စမရှိပေမယ့် နေ့တိုင်းကို မိတ်ကပ်တွေပြင်ဆင်နေတာမျိုးဆိုရင်တော့ ကြာလာတဲ့အခါမှာ အသားအရေပျက်စီးပြီး collagen fibres တွေလည်း ပျက်စီးစေပါတယ်။ အသားအရေကိုကြည့်လိုက်တာနဲ့ ရုပ်ရင့်နေသလို၊ အိုမင်းရင့်ရော်နေသလို ဖြစ်လာပါတယ်။

ချွေးပေါက်ကျယ်လာခြင်း

မိတ်ကပ်နေ့တိုင်းပြင်ရင် ချွေးပေါက်ကျယ်လာစေပါတယ်။ ချွေးပေါက်ကျယ်လာတဲ့အခါ မိတ်ကပ်တွေထပ်လိမ်း၊ ထပ်ပြင်တော့ ချွေးပေါက်ထဲကို ဘတ်တီးရီးယားတွေဝင်ပြီး ဝက်ခြံထွက်တာမျိုးတွေ ဖြစ်လာစေပါတယ်။.

မျက်လုံးပိုးဝင်တာမျိုးဖြစ်ခြင်း

မိတ်ကပ်ပြင်မှတော့ eyeliner တွေဆိုး၊ mascara တွေသုံးနဲ့ မျက်လုံးထိခိုက်မှုရှိစေတာပါပဲ။ အထူးသဖြင့် မျက်လုံးအတွင်သားတွေ၊ မျက်ခမ်းစပ်တွေကို eyeliner ဆိုးတော့ မျက်လုံးထဲပိုးဝင်တာမျိုး၊ ယားပြီး နီရဲလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မျက်တောင်ကျွတ်ခြင်း

မိတ်ကပ်ပြင်ရင် mascara သုံးမှာပါပဲ။ တစ်ခါတစ်လေက ဘာမှမဖြစ်ပေမယ့် နေ့တိုင်း mascara နဲ့ကော့လိုက်၊ remover နဲ့ ပွတ်ပြီးဖျက်လိုက်နဲ့ မျက်တောင်တွေကျွတ်လာစေပါတယ်။

နှုတ်ခမ်းခြောက်ခြင်း

မိတ်ကပ်ပြင်ပြီးရင် နှုတ်ခမ်းနီမဆိုးပဲ မနေပါဘူး။ အကုန်ဆိုးတာပါပဲ။ ဒီလို နှုတ်ခမ်းနီကို နေ့တိုင်းဆိုး၊ ခဏခဏဆိုးနေရင် ကြာလာတဲ့အခါမှာ နှုတ်ခမ်းသားက အရမ်းခြောက်သွေ့ပြီး နှုတ်ခမ်းရဲ့ သဘာဝအရောင်ကို ဆုံးရှုံးပြီး မဲလာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဆိုးမယ်ဆိုရင်လည်း lip balm ခံဆိုးတာမျိုး၊ တစ်နေ့ ၂ ကြိမ်လောက် lip balm ဆိုးတာမျိုး လုပ်ပေးပါ။

အရေးအကြောင်းတွေပေါ်လာခြင်း

မိတ်ကပ်နေ့တိုင်းလိမ်းပြီး ပြင်နေတဲ့အတွက် အသားအရေမှာ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်နဲ့ ပါးစပ်နားတစ်ဝိုက် smile lines တွေ သိသိသာသာကို ပေါ်လာစေပါတယ်။