ရာသီမလာခင်ရက်တွေ၊ လာနေတဲ့ရက်တွေမှာ မိန်းကလေးတွေရဲ့ စိတ်တွေက အတက်အကျ များလေ့ရှိပါတယ်။ ဒါ့အပြင် တချို့ရက်တွေမှာ ငိုချင်စိတ်တွေပါ ပေါ်နေတတ်ပါတယ်။ ဒီလိုစိတ်အပြောင်းအလဲ၊ စိတ်အတက်အကျဖြစ်တာက ခန္ဓာကိုယ်ထဲက ဟော်မုန်း အပြောင်းအလဲကြောင့်မို့လို့ပါ။ ဒီတစ်ခေါက်မှာတော့ ရာသီမလာခင်နဲ့၊ ရာသီလာတဲ့ရက်တွေမှာ စိတ်အတက်အကျကြောင့် စိတ်အဆင်မပြေတဲ့ မိန်းကလေးတွေ ဒီလိုစိတ်တွေ နည်းပါးဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ခန္ဓာကိုယ်ကို လှုပ်ရှားပါ

့ရာသီလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ထဲက Endorphin Hormone ထွက်လာပြီး စိတ်အတက်အကျကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းက သင့်သွေးလည်ပတ်မှုအတွက် ကောင်းပြီး ရာသီလာလို့ အောင့်တာတွေကိုပါ လျော့ပါးစေနိုင်ပါတယ်။

၂။ ရေများများသောက်ပေးပါ

ဒီနည်းလမ်းကတော့ သင်လုပ်နိုင်မယ့် အလွယ်ဆုံး နည်းလမ်းပါ။ ရေကို လုံလုံလောက်လောက်သောက်ပေးမယ်ဆိုရင် ရာသီချိန်အတွင်း ဗိုက်ပူတာကိုပါ သက်သာစေနိုင်ပါတယ်။ ရေနွေးသောက်ပေးမယ်ဆိုရင် ရာသီလာတဲ့အချိန် အောင့်တာကိုပါ သက်သာစေပါလိမ့်မယ်။

၃။ Dark Chocolate

ရာသီလာတဲ့အချိန် အချိုစားချင်တဲ့စိတ်ကို မိန်းကလေး အများစု ကြုံတတ်ကြပါတယ်။ ဒီလိုအချိန် Dark Chocolate ကို စားနိုင်ပါတယ်။ Dark Chocolate ထဲပါတဲ့ Cocoa က အောင့်တာ သက်သာစေတဲ့အပြင် စိတ်ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။

၄။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ကို စားပါ

ကြက်ဥ၊ ထောပတ်သီး၊ အစေ့အဆံ၊ Cheese စတဲ့ အစားအသောက်တွေထဲ ပါဝင်တဲ့ အဆီဓာတ်က ရာသီဖြစ်တဲ့အချိန်အတွင်း ဗိုက်ပူတာကို မဖြစ်စေတော့ပါဘူး။ သင့်စိတ်ကိုပါ ဒီအစားအသောက်တွေက ပျော်ရွှင်စေပါလိမ့်မယ်။

၅။ အိပ်ပါ

အိပ်စက်တာက သင်စိတ်ချမ်းသာဖို့အတွက် လိုအပ်တဲ့ Serotonin ကို ပေးစွမ်းနိုင်ပါတယ်။ ခဏတဖြုတ်အိပ်တာက သင့်ကို ခွန်အားတွေ ပြန်ပေးနိုင်ပြီး ပေါ့ပါးသွက်လက်စေပါလိမ့်မယ်။

၆။ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပါ

မဂ္ဂနီဆီယမ်ပါဝင်တဲ့ ငှက်ပျောသီး၊ ဟင်းနုနွယ်၊ အစေ့အဆံ၊ ထောပတ်သီး စတဲ့ အစားအသောက်တွေက သင့်စိတ်ကို ပျော်ရွှင်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar