Stress ဆိုတာ ဖြစ်စမှာ မသိသာပေမယ့် နည်းနည်းကြာလာပြီဆိုတာနဲ့ မူမမှန်တဲ့ လက္ခဏာတွေ ပြပြီး လူကို ဒုက္ခပေးတဲ့အမျိုး ဖြစ်ပါတယ်။ အခုခေတ်ကလည်း စိတ်ဖိစီးစရာတွေက ဒုနဲ့ဒေး မဟုတ်လား။ ဒီတော့ စိတ်ဖိစီးလာပြီဆိုရင် ချက်ချင်းသိသာစေမယ့် စိတ်အပန်းဖြေနည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ဂီတ

စိတ်ဓါတ်နိုးကြား တက်ကြွဖို့နဲ့ စိတ်ခံစားချက်တွေ ချက်ချင်းသိသိသာသာ ပြောင်းလဲသွားဖို့ ဂီတလောက် ထိရောက်ပြီး အစွမ်းထက်တဲ့ အရာက ရှားပါလိမ့်မယ်။ ဂီတဟာ စိတ်ပင်ပန်းနေသူတစ်ယောက်ကို ယာယီစိတ်သက်သာရာရအောင်စေမယ့် ကုထုံးဆိုတာကတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးလာတယ် ခံစားရရင် သီချင်းကောင်းကောင်းလေးတွေ ၊ ဂီတတူရိယာသံကောင်းကောင်းတွေ နားထောင်ပါ။

(၂) လေ့ကျင့်ခန်း

အားကစားလုပ်ခြင်းဟာ တစ်နေ့တာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ Stress Hormones တွေကို ရှင်းထုတ်နိုင်တဲ့အပြင် စိတ်တည်ငြိမ်အေးဆေးပြီး ကြည်လင်လာစေနိုင်တဲ့ Endorphins တွေလည်း ထုတ်ပေးနိုင်ပါတယ်။ အချိန်ယူပြီး Gym ကစားတာမျိုး လုပ်ဖို့ အကြံပေးချင်ပါတယ်။

(၃) ရနံ့

နှာခေါင်းဟာ မှတ်ဉာဏ်နဲ့ ခံစားချက်တွေ နှိုးဆွမှုနဲ့ အဓိက ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Amygdala ဆိုတဲ့ နေရာနဲ့ တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ဒါကြောင့် စိတ်ကို ကြည်လင်စေမယ့် ရနံ့လေးတွေကို အနားမှာ ထားတာကလည်း စိတ်ပင်ပန်းတာ သက်သာစေနိုင်ပါတယ်။ တချို့တွေကတော့ Spa သွားပြီး Stress လျှော့ကြပါတယ်။