Social Media ဆိုတာ အခုနောက်ပိုင်း အသက်အရွယ်မျိုးစုံ၊ လူတန်းစားအလွှာမျိုးစုံကြားထဲမှာ အရမ်းကိုအရေးပါနေတဲ့ အရာတစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုကြတဲ့အဆင့်အတန်းအလွှာလိုက် မြင်တွေ့နေရတာတွေကလည်း ကွဲပြားကြတယ်လေ။ တစ်ချို့တွေမှာတော့ လေ့လာမှတ်သားစရာတွေ၊ အတုယူချင်စရာတွေရှိပေမယ့် တစ်ချို့တွေစီမှာကြတော့လည်း ကိုယ့်အကျိုးကိုပါဆုတ်ယုတ်သွားစေနိုင်တဲ့ အရာတွေလည်းရှိနေပါတယ်။

ချစ်သူရည်းစားတွေအနေနဲ့လည်း Social Media ပေါ်မှာ မလုပ်သင့်တဲ့အရာတွေ၊ စောင့်ထိန်းသင့်တဲ့အရာတွေကို မလိုက်နာနေဘူးဆိုရင်တော့ သင်တို့ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ပျက်စီးသွားစေအောင်တောင် Social Media ကဆိုးကျိုးတွေပေးလာနိုင်ပါတယ်။

ပါးစပ်နဲ့ပြောမှအဆင်ပြေမယ့် စကားလုံးမျိုးတွေကို Facebook ပေါ်မှာ Status တင်ပြီးပြောတာမျိုးတွေကို မလုပ်သင့်ပါဘူး။ သင်တို့ ချစ်သူအချင်းချင်း အခန့်မသင့်လို့အဆင်မပြေနေတဲ့အချိန်မှာ ပြောချင်တဲ့စကားတွေ၊ မကျေနပ်ချက်တွေ၊ သင့်ချစ်သူရဲ့မကောင်းတဲ့အချက်တွေကို Facebook ပေါ်မှာတင်ပြီးပြောတာမျိုးတွေက သင့်ချစ်သူရဲ့သိက္ခာကိုလည်း ကျစေသလို၊ သင့်ရဲ့သိက္ခာကိုလည်း ကျသွားစေတာကြောင့် ရှောင်သင်ပါတယ်။

ယုံကြည်မှုလေး ထားပေးဖို့တော့လိုပါတယ်။ ချစ်သူတွေကြားထဲမှာ ယုံကြည်မှုဆိုတာကအရေးကြီးဆုံးပါပဲ။ ကိုယ့်ချစ်သူကိုမယုံနေဘူး၊ မသင်္ကာနေဘူးဆိုရင် နှစ်ယောက်တွေ့နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဖုန်းပြောရင်းနဲ့ပဲဖြစ်ဖြစ် မကျေနပ်တာ၊ မကြိုက်တာကိုကောင်းကောင်းမွန်မွန်ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။ ညှိယူလို့ရတာကိုညှိမယူပဲ ပြဿနာတွေရှာ၊ မယုံကြည်တဲ့စိတ်နဲ့ ဘယ်သူ့ကိုတော့ Like ပေးပြန်ပြီ၊ ဘယ်သူ့ကိုတော့ Comment ပေးပြန်ပြီဆိုပြီး လိုက်ချုပ်ချယ်တဲ့ပုံစံ၊ တဖက်မိန်းကလေးကိုလည်း ရန်လိုတဲ့ပုံစံမျိုးတွေက သင်တို့ချစ်သူနှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ကြီးမားတဲ့မကျေနပ်မှုတွေ အစိုင်အခဲတွေကိုဖြစ်စေနိုင်ပါတယ်။

အခုနောက်ပိုင်းဆိုရင် Social Media ပေါ်မှာ ချစ်သူစုံတွဲတော်တော်များများကလည်း သူတို့ရဲ့ချစ်နေကြတဲ့ပုံလေးတွေ၊ အလေးထားဂရုစိုက်တဲ့ပုံလေးတွေကို တင်တတ်ကြပါတယ်။ ဒါတွေကိုကြည့်ပြီး ဘယ်သူတွေကတော့ ဘယ်လိုဂရုစိုက်တာ၊ နင်ကတော့ငါ့ကိုသူတို့လိုမျိုး ဂရုမစိုက်ဘူး၊ မချစ်ဘူးဆိုပြီး ကိုယ့်ချစ်သူကိုအပြစ်မြင်တဲ့ စကားမျိုးတွေပြောပြီး ရန်မတွေ့သင့်ပါဘူး။ ဒါကလည်း သင့်ချစ်သူကသင့်ကို စိတ်ပျက်သွားစေနိုင်လောက်မယ့် အချက်တစ်ခုထဲမှာ ပါဝင်နေပါတယ်။

ကိုယ့်ချစ်သူရဲ့ Password တွေကိုယူထားတာမျိုးတွေကလည်း အမှန်တကယ်ဆိုရင် မလိုအပ်ဘူးလို့တော့ထင်ပါတယ်။ လူတိုင်းမှာတော့ အပေါင်းအသင်းဆိုတာရှိတတ်တာပဲလေ ကိုယ်နဲ့ကအခုမှတွေ့ပေမယ့် ကိုယ်နဲ့မတွေ့ခင်ကတည်းက ပေါင်းလာတဲ့ငယ်သူငယ်ချင်းတွေနဲ့ စကားပြောတာတွေ၊ စနောက်တာတွေကို ဝင်ကြည့်ပြီးသဝန်တိုတာမျိုးတွေက တကယ်ကို အကျဉ်းတန်တဲ့လုပ်ရပ်တစ်ခုလို့ မြင်မိပါတယ်။ သံသယဖြစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ သူငယ်ချင်းဆိုပြီးဝင်လုံးနေတာဆိုရင်တော့ ကိုယ့်လူကိုယ်ထိန်းတော့ပေါ့။ ဒီလိုမဟုတ်ပဲ ရိုးရိုးသားသားသူငယ်ချင်းတွေကို လိုက်ပြီးသံသယဖြစ်နေမယ်ဆိုရင်လည်း သင့်လူရဲ့ဂုဏ်သိက္ခာကို အလေးမထားသလိုဖြစ်နေမှာပါပဲ။

တစ်ဖက်ကလည်း ကိုယ့်ချစ်သူက ကိုယ့်ကိုစိတ်ချရတဲ့အခြေအနေမျိုး၊ ချစ်သူမသိအောင်မလုပ်ဘူး၊ ကိုယ့်ချစ်သူတစ်ယောက်ထဲကိုပဲ စိတ်ဝင်စားပြီး မဖောက်ပြန်ဘူး၊ နားလည်မှုတွေနဲ့ ညှိယူကြမယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ မဖြစ်လာနိုင်ပါဘူး။

Photo Source: Unsplash