ဘဝမှာ အိမ်ပြီးရင် ဒုတိယအများဆုံး အချိန်ကုန်ဆုံးရတဲ့နေရာက လုပ်ငန်းခွင်ပဲ ဖြစ်ပါတယ်။ နေ့စဉ်စားဝတ်နေရေးနဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်သွားလာနိုင်ဖို့ရာ လူတိုင်းကိုယ်စီ အလုပ်လုပ်ကြရပါတယ်။

ကိုယ်ရဲ့လုပ်ငန်းခွင်ဟာ ကျန်းမာပြီး တက်ကြွပျော်ရွှင်မှုရှိဖို့ကလည်း အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ တစ်နေ့တာလုပ်ငန်းခွင်ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းတချို့ ပြောပြပေးချင်ပါတယ်။

(၁) လှုပ်ရှားပါ

အထိုင်များခြင်းဟာ သင့်ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာပါပဲ။ ဘယ်လောက်ပဲ ကွန်ပြူတာရှေ့ အလုပ်များသူတစ်ယောက် ဖြစ်နေပါစေ ထိုင်ခုံကနေထပြီး လမ်းလျောက်တာ ၊ လှေကားတက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

နောက်ဆုံးအလုပ်စားပွဲမှာပဲ မတ်တပ်ရပ်ပြီး အလုပ်လုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပေးတာက ခန္ဓာကိုယ်အတွက် စွမ်းအင်ပိုမိုရစေတယ် ၊ သွေးလည်ပတ်မှုကောင်းစေတယ် ၊ ကယ်လိုရီတချို့လည်း လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၂) ရေဓာတ်ဖြည့်ပါ

အလုပ်တွေပဲ ဖိလုပ်ရင်း ရေသောက်ဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ အလွယ်တကူ ပင်ပန်းနွမ်းနယ်စေကာ အလုပ်အပေါ်အာရုံစိုက်နိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝခြင်းက တက်ကြွလန်းဆန်းစေပြီး စိတ်ခံစားမှု ပိုမိုကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်တစ်နေ့တာမှာ ရေများများသောက်ပေးပါ။ မကြာခဏ ရေထမသောက်ဘူးဆိုရင်လည်း ရေဗူးအနားမှာ ဆောင်ထားသင့်ပါတယ်။

(၃) အချိန်မှန်စားပါ

သင့်အစာအိမ်ကို ဗလာမဖြစ်နေစေဖို့လည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒီလိုပြောလို့အချိန်တိုင်း အလုပ်လုပ်ရင်း မုန့်စားနေဖို့ မဟုတ်ပါဘူး။ နေ့လည်စာကို အချိန်မှန်လေးစားပေးရင်ပဲ လုံလောက်ပါတယ်။

ဗိုက်ထဲအစာမရှိတဲ့အခါ သွေးတွင်းသကြားဓာတ်လျော့နည်းသွားစေပြီး စိတ်တိုလွယ်တာ ၊ ဒေါသဖြစ်လွယ်တာ ၊ အာရုံစူးစိုက်ရခက်တာမျိုးတွေနဲ့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ရှုပ်ထွေးစေပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်အောင် အနှောက်ယှက်ပေးနိုင်ပါတယ်။

(၄) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ

အလုပ်ပြီးအလုပ် အလုပ်ပေါ်ပဲစိတ်ရောက်နေရင် ရေရှည်မှာ စိတ်ပင်ပန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ အလုပ်ခွင် ပေါင်းသင်းဆက်ဆံရေးကိုလည်း မေ့လျော့မထားသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ခြင်းက လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင် တက်ကြွမှုကိုရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခဏတဖြုတ် အနားယူချိန် ၊ ကော်ဖီ Break ယူချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစွာ ဆက်ဆံပြောဆိုပါ။