ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်လိုက်ကြတယ်ဆိုတာ မင်္ဂလာဧည့်ခံပွဲတစ်ခု ပြုလုပ်ရုံနဲ့ မပြီးပါဘူး။ မင်္ဂလာဆောင်ပြီးသွားပြီဆိုတာထက် ပိုပါတယ်။ မင်္ဂလာမောင်နှံနှစ်ယောက်သည် သက်ဆုံးတိုင်အထိ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနှင့် ဘဝကို အတူတူ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်မထပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက်သည် ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို အတူတူ ဖြတ်သန်းချင်ရဲ့လားဆိုတာကို စဥ်းစားဖို့လိုအပ်ပါတယ်။ သင့်ချစ်သူနဲ့ တွဲလာတာကြာလို့ဆိုပြီး လက်ထပ် ရတော့မယ်ဆိုတဲ့ တာဝန်စိတ်နဲ့ လက်ထပ်တာထက် သင်တို့နှစ်ယောက်စလုံးက လိုလိုလားလားနဲ့ လက်ထပ်တာက ရေရှည်အတွက် ပိုကောင်းပါတယ်။

ဒါဆိုရင် ကိုယ့် ချစ်သူနဲ့ ဘယ်အချိန်မှာ လက်ထပ် သင့်သလဲ။ သင်တို့ နှစ်ယောက်ကြားထဲမှာ ယခုဖော်ပြမယ့် လက္ခဏာများ မြင်တွေ့ရမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်သည် လက်ထပ်ဖို့အချိန် ကျရောက်လာပြီပဲ ဖြစ်ပါတယ်။

ရန်ဖြစ်ပြီးတဲ့နောက် ပြန်ပြေလည်ကြတယ်

မတူညီတဲ့ လူနှစ်ယောက်ဟာ စိတ်သဘောထား မတိုက်ဆိုင်တဲ့အချိန်လည်း ရှိနိုင်ပါတယ်။ စိတ်သဘောထား မတိုင်ဆိုင်တဲ့အချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် စကားများ ငြင်းခုံတာတွေ ရှိနိုင်ပါတယ်။ စကားများ ရန်ဖြစ်ပြီးနောက်မှာလည်း တစ်ယောက်နဲ့တစ်ယောက်သည် ရန်မဖြစ်ခဲ့သလို ရယ်ရယ်မောမောနဲ့ ပြန်လည်စကားပြောဆိုနေပြီလား။

ဒါဆိုရင်တော့ သေချာပါတယ်၊ သင်တို့နှစ်ယောက်ရဲ့ Relationship ဟာ အဆိပ်အတောက်များနှင့် ပြည့်နှက်နေတာမျိုးမဟုတ်ဘဲ Healthy Conflicts မျိုး ရှိနေတာဖြစ်ပါတယ်။

Healthy Conflicts ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်သည် စကားများ ငြင်းခုံကာ ရန်ဖြစ်နေပေမယ့် တစ်ယောက်ကို တစ်ယောက် ထိခိုက်နစ်နာစေမယ့် စကားလုံးများနှင့် ထိုးနှက်ခြင်းမျိုး မရှိတာကို ဆိုလိုတာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ရယ်မောရွှင်မြူးရအောင် ပြုလုပ်နိုင်တယ်

ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးတစ်လက်လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုခဲ့ကြပါတယ်။ သင့်ချစ်သူက လူအများရှေ့မှာ ရုပ်တည်ကြီးနဲ့နေပြီး အနေအေးတယ်လို့ ထင်ရပေမယ့် သင့်ရှေ့မှာတော့ ကလေးလေးတစ်ယောက်သဖွယ် သင့်ကို ဖက်တွယ်နေတာမျိုးရှိပါသလား။

ဒါမှမဟုတ် သင့်ရှေ့ရောက်တဲ့အခါ ရယ်ရွှင်မြူးရအောင် ဟာသတွေ ပြောနေတတ်ပါသလား။ ဒီလိုလက္ခဏာမျိုးကို မြင်တွေ့ရမယ်ဆိုရင်တော့ သင့်ချစ်သူဟာ သင့်အနားမှာ နေရတာ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်နေကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ရုံးမှာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ စိတ်ဖိစီးနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက် အတူတူ အချိန်ကုန်ဆုံးရတယ်ဆိုရင် ပျော်ရွှင်ကြည်နူးပြီး စိတ်ဖိစီးစရာများ လွှင့်ပါးသွားသလို ခံစားနေကြရမှာ ဖြစ်ပါတယ်။

စမ်းသပ်ကာလကို ကျော်လွန်နိုင်ခဲ့တယ်

စမ်းသပ်ကာလဆိုတာကတော့ တစ်ယောက်အကြောင်း တစ်ယောက် မသိသေးခင်၊ တစ်ယောက်နဲ့ တစ်ယောက် နားမလည်သေးခင် ကတောက်ကဆဖြစ်ရတာလည်း စိပ်နေတဲ့အချိန်ဖြစ်ပါတယ်။

တစ်ယောက်အကြောင်း တစ်ယောက် မသိသေးတော့ ရန်ဖြစ်တဲ့အချိန်မှာလည်း ပြန်ပြေလည်အောင် ငြိယူတတ်ဖို့ကိုလည်း သင်ယူနေချိန်ဖြစ်ပါတယ်။ သင်တို့ရော ထိုစမ်းသပ်ကာလကို ကျော်လွန်ခဲ့ပြီလား။

စမ်းသပ်ကာလသည် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု မရသေးခင်၊ သံသယ များနေချိန်ဖြစ်ပြီး ထိုစမ်းသပ်ကာလ ကျော်လွန်ခဲ့တဲ့အခါမှာတော့ တစ်ယောက်ကို တစ်ယောက် သံသယများတာမျိုး၊ သဝန်တိုလွန်းတာမျိုး မရှိတော့ဘဲ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရသွားတဲ့အချိန်ပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အတူတူ အချိန်ကုန်ဆုံးရတာ  သက်သောင့်သက်သာနဲ့ ပျော်ရွှင်ကြည်နူးသလို ခံစားရတယ်

တစ်ယောက်နဲ့ တစ်ယောက် သက်သောင့်သက်သာဖြစ်တယ်ဆိုတာဟာ တစ်ယောက်ရဲ့ တီရှပ်ကြီးတွေကို အခြားတစ်ယောက်က ဝတ်ဆင်တယ်ဆိုတာထက် ပိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေတဲ့အခါ လုံခြုံနွေးထွေးမှုကို ခံစားရတာမျိုးပါ။

မိမိရဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့် ချစ်သူနဲ့ ဒီလိုခံစားချက်မျိုး ခံစားရပြီလား။ ဒါဆိုရင်တော့ သင်ဟာ သင့်ချစ်သူနဲ့အတူတူ နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝရည်မှန်းချက်တွေထဲမှာ သင်သည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်

သင်တို့နှစ်ယောက်နဲ့ ဘဝရည်မှန်းချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ သို့သော် ထိုရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ကိုယ်ရော ပါဝင်နေရဲ့လား။ သင်ရော သူ့ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသလား။

သင်တို့နှစ်ယောက်က အမြဲတမ်းကြိုးစားနေကြပြီး တစ်ယောက်ရဲ့ဘဝ တိုးတက်ရေးအတွက် အခြားတစ်ယောက်က အမြဲတမ်း ထောက်ပံ့ပေးနေပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်၊ သင်တို့သည် နတ်ဖက်တဲ့ ဖူးစာတွေဖြစ်ပြီး လက်ထပ်ပြီးနောက်မှာလည်း အောင်မြင်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။