သင်က အသက်အရွယ် တစ်ခု ရောက်လေလေ မိတ်ဆွေသစ်ဖွဲ့ဖို့က ခက်ခဲလာလေလေပါပဲ။ ရှက်တတ်ပြီး စကားကို တစ်လုံးကနေ နှစ်လုံး ကွဲအောင် မပြောနိုင်ရင် ပိုခက်ခဲပါလိမ့်မယ်။ ဒီထဲမှာတော့ ရှက်တတ်တဲ့ မိန်းကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး မိတ်ဆွေသစ် ဖွဲ့နည်း၊ အပေါင်းအသင်းဆံ့နည်းတွေကို အသားပေး ဖော်ပြထားပါတယ်။

၁။ အလုပ်က မိတ်ဆွေတွေနဲ့ စတင်ပါ

သင်နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့ အရင် စတင်သင့်ပါတယ်။ ဝေးဝေးတွေးမနေဘဲ သင်အမြဲတွေ့နေရတဲ့ လူတွေကနေ အစပြုကာမိတ်ဆွေဖွဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။

၂။ မိတ်ဆွေဟောင်းတွေကို ပြန်ခေါ်ပါ

သင့်မှာ အတန်းဖော်ဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက် ဟောင်းတွေရှိမှာပါ။ သူတို့ကို ပြန်ဆက်သွယ် သင့်ပါတယ်။ ဒီလို ပြန်ဆက်သွယ်တာက ရှက်တတ်တဲ့ သူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

၃။ ရုန်းထွက်ပါ

ရှက်ပြီး တစ်ကိုယ်လုံး ပူထူလာတာ မှန်ပေမယ့် လူတွေကြားထဲကို ရအောင် ဝင်သင့်ပါတယ်။ သက်တောင့်သက်သာ ဖြစ်တဲ့ အခြေအနေကနေ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ရုန်းထွက်သင့်ပါတယ်။

၄။ ဝါသနာအသစ် စတင်ပါ

သင်က အိမ်မှာပဲ နေမယ်ဆိုရင် ဘယ်မိတ်ဆွေမှ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အပြင်ထွက်ရတဲ့ သင်တန်းတစ်ခုခု တက်တာ၊ ဒါမှမဟုတ် အချင်းချင်း ဆက်သွယ်ပြီး လိုင်းပေါ်က တက်ရတဲ့ သင်တန်းဖြစ်ဖြစ် လိုက်ရှာသင့်ပါတယ်။

၅။ Facebook Group တွေထဲ ဝင်ပါ

ရှက်တတ်တဲ့သူတွေက နှုတ်ကသာ မပြောနိုင်တာ၊ စာတော့ သေချာရိုက်နိုင်ပြီး အချင်းချင်း စာပို့ရဲကြပါတယ်။ သင်က ဒီအခွင့်အရေးကို အသုံးချတဲ့အနေနဲ့ ဖုန်းကနေ တဆင့် Group တွေထဲဝင်ပြီး စာရိုက်ကာ ဆက်သွယ်နိုင်ပါတယ်။

၆။ တစ်နေ့မှာ လူသစ်တစ်ယောက်နဲ့ သိအောင် လုပ်ပါ

Comfort Zone ထဲက ထွက်တဲ့အနေနဲ့ အပြင်ထွက်တာနဲ့ လူအသစ်တစ်ယောက်နဲ့ သိအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားသင့်ပါတယ်။ တစ်နေ့မှာ တစ်ယောက်မဟုတ်ရင်တောင် တစ်လမှာ လူအသစ်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အပြုံးလေးနဲ့ စတင်နိုင်ပါတယ်။

၇။ ပရဟိတ လုပ်တဲ့အထဲ ပါဝင်ပါ

သင်က ကောင်းမှုကုသိုလ် ပြုလုပ်ရင်းနဲ့ မိတ်ဆွေသစ်ပါ ရနိုင်ဖို့ ပရဟိတ လုပ်တဲ့ အဖွဲ့တွေထဲ ဝင်သင့်ပါတယ်။ ဒီကနေ မိတ်ဆွေသစ်တွေ ရလာမှာ မလွဲမသွေပါပဲ။

၈။ စကားလုံး ဝါကျတွေကို ကြိုမှတ်ထားပါ

လူတစ်ယောက်နဲ့ စကားစပြောရင် ဘယ်လိုပြောရမလဲဆိုတဲ့ အင်တာနက်ပေါ်က အကြံပေးချက်တွေကို မှတ်ထားပြီး ဒီစကားတွေနဲ့ စတင်သင့်ပါတယ်။

၉။ Gym ဆော့ပါ

ကိုယ့်လို ရည်မှန်းချက်တူတဲ့ မိတ်ဆွေအသစ်တွေနဲ့ Gym မှာ တွေ့နိုင်ပါတယ်။ Gym မှာတော့ ရှက်တတ်တဲ့ ပျိုမေတို့အဖို့ သိပ်အားစိုက်ကာ အတင်း စကားလိုက်ပြောစရာ မလိုတော့ပါဘူး။

၁၀။ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ

ကိုယ်က ရှက်တတ်တာကို ဖုံးကွယ်ပြီး ဟန်ဆောင်နေမယ့်အစား ကိုယ့်ပုံစံနဲ့ ကိုယ် နေသင့်ပါတယ်။ သင့်ပုံစံကို ကြိုက်မယ့် လူရှိသလို သဘောမကျတဲ့သူလည်း ရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာသလို ကိုယ့်ပုံစံနဲ့ကိုယ်ပဲ နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar