နှစ်ယောက်တစ်ဘဝ တည်ထောင်ဖို့ဆိုတာ တကယ်မလွယ်တဲ့အလုပ်တခုပါ။ စုံတွဲတွေ တော်တော်များများ တယောက်နဲ့တယောက်ချစ်ကြပေမယ့် နောက်ဆုံးမှာ ကွဲသွားကြတာတွေရှိပါတယ်။ အတူနေနေပေမဲ့ မပျော်မရွှင်ဖြစ်နေတဲ့ စုံတွဲတွေလည်းရှိပါတယ်။ ဒီလိုမျိုးမဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့တာဝန်က နှစ်ယောက်လုံးမှာရှိပါတယ်။ တစ်ယောက်ထဲကပဲ ကြိုးစားပြီး Relationship တခုကို ထိန်းသိမ်းဖို့မဖြစ်နိုင်ပါဘူး။

ဝါသနာတစ်ခုကိုနှစ်ယောက်တူတူ လုပ်ကြတယ်

လူတိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာတခုချင်းစီရှိကြတာ မှန်ပါတယ်။ ဒါပေမဲ့ စုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် နှစ်ယောက်သားအတူအတူ ပျော်ပျော်ရွှင်ရွှင်လုပ်လို့ရမဲ့ အရာတခုရှိသင့်ပါတယ်။ပျော်ရွှင်နေတဲ့ စုံတွဲတွေက အားကစားလုပ်တာဖြစ်ဖြစ်၊ ရုပ်ရှင် အတူကြည့်တာဖြစ်ဖြစ် အနည်းဆုံး ဝါသနာတခုကိုနှစ်ယောက်အတူအတူလုပ်လေ့ရှိကြပါတယ်။

ကိုယ်ပိုင်အချိန်တွေ ရှိကြတယ်

သူတို့တွေက ရင်းရင်းနှီးနှီးနဲ့ နေတတ်ကြပြီး နေ့စဉ်ဘဝကို ကိုယ်ချစ်သူနဲ့ ဝေမျှတတ်ကြတယ်။ ဒါပေမယ့် သူတို့တွေက စည်းမကျော်ကြဘူး။တယောက်ရဲ့ကိုယ်ပိုင်အချိန်တွေကို နောက်တယောက်က လေးစားတယ်။ အမြဲတမ်းနှစ်ယောက် အတူတူ ရှိနေဖို့မကြိုးစားဘူး။ တယောက်ကို တယောက်မထိန်းချုပ်ကြဘူး။ Relationship ထဲမှာ ပိတ်မိနေပြီး မွန်းကြပ်မှုခံစားနေရတာက နှစ်ယောက်လုံးအတွက် ကောင်းတဲ့လက္ခဏာ တခုမဟုတ်ပါဘူး။

ချစ်တယ်ဆိုတဲ့စကားကို တရက်ကိုအနည်းဆုံးတကြိမ်လောက်ပြောကြတယ်

ဒါက ပျော်ရွှင်နေတဲ့ စုံတွဲတွေ လုပ်လေ့ရှိတဲ့ အခြေခံအကျဆုံး အချက်လို့ပြောလို့ရပါတယ်။သူတို့ဟာ တရက်ကို အနည်းဆုံးတကြိမ်လောက်တော့ စာတိုပို့တာဖြစ်ဖြစ် ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် ချစ်တယ်ဆိုတယ်စကားကို ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီစကားတခွန်းကို ရင်ထဲကနေ အလေးအနတ်ထားပြော ဖို့အရေးကြီးပါတယ်။ ဝတ် ကျေတန်းကျေ ပဲပြောမယ်ဆိုရင်တော့ အကျိုးရှိမှာ မဟုတ်ပါဘူး။

လက်ဆောင်လေးတွေအပေါ်ကျေနပ်ကြတယ်

ဈေးကြီးပြီးလှပတဲ့ လက်ဆောင်တွေရတာက ပျော်ဖို့ကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ လူချမ်းသားတွေ သူတို့ကောင်မလေးမွေးနေ့ ရောက်ရင် ကားတွေအိုင်ဖုန်းတွေဝယ်ပြီး စပရိုက်လုပ်ကြလေ့ရှိပါတယ်။ဒီလောက်ထိ လုပ်ပေးဖို့ မလိုအပ်ပါဘူး။ အဓိကက ကိုယ်ပေးတဲ့လက်ဆောင်ဟာ ကြီးသည်ဖြစ်စေသေးသည်ဖြစ်စေ တဖက်လူကျေနပ်ဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေက ဒါကိုနားလည်ထားကြတယ်။ သူတို့ကလက်လုပ် လက်ဆောင်လေးတွေ ကိုယ့်ချစ်သူ လိုအပ်နေတဲ့ အရာတွေ ဥပမာ နှုတ်ခမ်းနီ၊ ခြေအိတ်၊ အိမ်အတွက် အသုံးလိုတဲ့ ပစ္စည်းတွေကိုဝယ်ပေးလေ့ရှိကြတယ်။

တူတူစားကြတယ်

နေ့တိုင်း မနတ်နေ့လည်ညစာတွေကို တူတူစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်သူတို့တွေကတော့ ရတဲ့အချိန်လေးတွေကို မနတ်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် တူတူစားလေ့ရှိကြပါတယ်။အခုခေတ်စုံတွဲတွေက နှစ်ယောက်အတူတူ ရှိနေပေမဲ့ သူတို့ရဲ့အာရုံတွေက ဖုန်းမှာပဲ ရှိကြတယ်။ ဒါကတော်တော်ဆိုးဝါးတဲ့ လုပ်ရပ်ပါ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေကတော့ နှစ်ယောက်အတူတွေ့ရတဲ့အချိန်လေးကို တန်ဖိုးရှိရှိအသုံးချကြတယ်။သူတို့ရဲ့တနေ့တာ လုပ်ခဲ့သမျှတွေကို မျှဝေကြတယ်။ လာမယ့် အားလပ်ရက်တွေမှာ လုပ်မဲ့အရာတွေအကြောင်း ဆွေးနွေးတတ်ကြတယ်။

ယုံကြည်မှု တည်ဆောက်ကြတယ်

ယုံကြည်မှုမရှိတဲ့ Relationship တစ်ခုက အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက်မနာလိုမှုတွေ ပိုင်းစိုးပိုင်နင်း လုပ်တာတွေ များလာပြီဆိုရင် ဒီပြသာနာကို ဖြေရှင်းဖို့သင့်နေပါပြီ။ ဒါကယုံကြည်မှုမရှိလို့ လုပ်တဲ့အရာတွေပါ။ ပျော်ရွှင်နေတဲ့ စုံတွဲ့တွေကတော့ ဒီအချက်ကို နားလည်ထားကြတယ်။ တယောက်အပေါ် တယောက်ယုံကြည်မှုတွေရှိကြတယ်။ ယုံကြည်မှုကို ပျက်စီးစေတဲ့ အရာတွေမှန်သမျှ ရှောင်းရှားကြတယ်။

Relationship ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့အရာပါ။ ယုံကြည်မှုမရှိတော့ဘူးလို့ ခံစားနေရရင် နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့ပြီး ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်ပါတယ်။