ဆံကေသာ အလှအပဆိုတာ မိန်းကလေးတို့အတွက်တော့ ဒုတိယမျက်နှာဆိုတာ သင်ငြင်းလို့ မရပါဘူးနော်။ အသားအရေလှပဖို့အတွက် အချိန်ပေးဂရုစိုက်ကြတဲ့အတွက် ဆံနွယ်လေးတွေ ထူထဲသန်စွမ်းစေဖို့ကိုလည်း ဒီနည်းလမ်းလေးတွေကို သုံးပြီး ထိန်းသိမ်းလို့ရပါတယ်။

ကဲ..ဒါကြောင့် အများတကာငေးမောရတဲ့ ကျန်းမာသန်စွမ်း လှပတဲ့ဆံနွယ်လေးတွေ ပျိုမေတို့ ရရှိပိုင်ဆိုင်စေဖို့ လိုက်နာကျင့်သုံးပေးသင့်တဲ့ ဆံကေသာထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အဖျားလေးတွေကို တိပေးပါ

ဆံပင်အဖျားလေးတွေကို ၂ လတစ်ခါ ၃ လတစ်ခါလောက် ပုံမှန်တိပေးပါ။ အဲဒီလိုဆံပင်အဖျားတိပေးတာဟာ သင့်ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ ဆံပင်ကျိုးကြေပျက်စီးခြင်းကိုလည်း လျော့ပါးသက်သာစေပါတယ်။

ဦးရေပြားကို နှိပ်နယ်ပေးပါ

ခေါင်းမလျှော်ခင် ၅ မိနစ်လောက် ဦးရေပြားကို ငြင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်နယ်ပေးတာဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံသားကိုလည်း ကျန်းမာစေပါတယ်။

ပန်းသီးရှာလကာရည် သုံးပါ

သင့်ဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းစေဖို့ ပန်းသီးရှာလကာရည်နဲ့ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဦးရေပြားနဲ့ ဆံပင်တစ်ခုလုံးစိုအောင်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

ခေါင်းလျှော်တဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း ပေါင်းဆေးသုံးပေးပါ။ ပေါင်းဆေးသုံးတဲ့နေရာမှာလည်း ဦးရေပြားကို မထိအောင် ဆံပင်အဖျားလေးတွေနားကိုပဲ သုံးပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေသေချာစင်အောင် ဆေးချပါ။

စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုကိုလျှော့ချပေးတာဟာ ဆံကေသာအတွက် ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်တာမျိုးဖြစ်စေတာမို့ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။ စိတ်ဖိစီးမှုလျှော့ချဖို့ ယောဂလေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ

ဆံကေသာပိုမိုသန်စွမ်းစေဖို့အတွက် အာဟာရဓာတ်ညီညွှတ်မျှတအောင် စားပေးဖို့ လိုအပ်ပါတယ်။

အိပ်ယာမဝင်ခင် ခေါင်းဖြီးလိုက်ပါ

အိပ်ယာမဝင်ခင် ခေါင်းကို သေချာဖြီးပေးပါ။ အဲဒီလိုဖြီးပေးတာဟာ ဦးရေပြားအတွက်လည်း ကောင်းမွန်စေပြီး သင့်ဆံကေသာကို သန်စွမ်းစေနိုင်မှာဖြစ်ပါတယ်။