ဝိတ်ချတဲ့နည်းတွေ များစွာရှိပါတယ်။ တချို့သောနည်းလမ်းတွေက ကောင်းမွန်မှန်ကန်ပေမယ့် တချို့နည်းလမ်းတွေကတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီနေ့တော့ နည်းမှန်လမ်းမှန်ဝိတ်ကျဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

မနက်စာမကျော်သွားပါနဲ့

မနက်စာရှောင်တာက ကိုယ်အလေးချိန်လျော့ချတဲ့နေရာမှ အသုံးမဝင်ပါဘူး။ မနက်စာကိုရှောင်လိုက်ရင် သင့်အနေနဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပိုမိုခံစားရစေနိုင်ပါတယ်။ မနက်စာမစားရင် နေ့လည်စာကို အတိုးချ စားမိတာကြောင့် ကိုယ်အလေးချိန်ပိုတက်စေနိုင်ပါတယ်။

ရေများများသောက်ပါ

ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ ရေများများ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ပမာဏကို လုံလောက်အောင်ဖြည့်တင်းပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေဖို့ တွန်းအားဖြစ်စေပြီး ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ကိုယ်အလေးချိန်လျော့ချမယ့်သူတွေအနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အစားလျော့စားရုံတစ်ခုတည်းနဲ့တော့ ကိုယ်အလေးချိန်ကျဖို့ လုံလောက်မှာ မဟုတ်တာကြောင့် လေ့ကျင့်ခန်းကို ဦးစားပေးပြီး နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းက ခန္ဓာကိုယ်မှ အဆီပိုတွေကိုလောင်ကျွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပါ

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက သင့်ကိုဆာလောင်မွတ်သိပ်မှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွှက် ပေါင်မုန့် ဆန်လုံးညို ပဲအမျိုးမျိုးစတဲ့ အစားအစာတွေကို များများစားသုံးပေးဖို့ လိုအပ်ပါတယ်။