ဒီနွေကာလဟာ အိမ်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းတောင် ချွေးထွက်နေတဲ့ အခြေအနေပါ။ အပြင်ကို သွားလာနေရသူတွေအဖို့တော့ ဖော်ပြစရာ စကားလုံးတောင် မရှိသလောက်ပါပဲ။ တချို့ ချွေးထွက်သန်သူတွေဆိုရင် အဝတ်အစားမှာ ချွေးတစိုစိုနဲ့ တော်တော်လေးကို ရိုးပဲ့တဲ့ စိတ်ညစ်စရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချွေးထွက်သန်တဲ့သူတို့အတွက် နွေအပူကို အံတုပြီး ရှိုးမပဲ့အောင် ဘယ်လိုဝတ်စားရမလဲဆိုတဲ့ Tips လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) အပေါ်ထပ် ခပ်ပါးပါး ဝတ်ပါ

အခုလိုပူအိုက်တဲ့ နွေရာသီမှ မဟုတ်ပါဘူး ရာသီမရွေး အပေါ်ထပ် Shirt အင်္ကျီ ခပ်ပါးပါးတွေကို ဝတ်ဆင်နိုင်ပါတယ်။ အထူးသဖြင့် ချွေးထွက်သန်သူတွေဆိုရင်ပါ။ နောက်မှ ပါးပါး T – Shirt တွေ ၊ လက်ပြတ် Shirt တွေနဲ့ ကြိုးတစ်ချောင်းလေးတွေကို ခံဝတ်ပြီး အပေါ်က ပွပွလျလျရှိတဲ့ ဒီဇိုင်းကာလာစုံ အပေါ်ထပ် Shirt တွေနဲ့ တွဲဝတ်ပါ။ လေဝင်လေထွက်ကောင်းပြီး အေးမြစေပါလိမ့်မယ်။

(၂) သဘာဝ ချည်ထည်တွေကို ရွေးပါ

သဘာဝ ချည်ထည်တွေကတော့ အခုလို ပူအိုက်တဲ့ ရာသီနဲ့ အကိုက်ညီဆုံးပါပဲ။ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး ခန္ဓာကိုယ်ကို အေးမြစေတဲ့အတွက် ချွေးထွက်များခြင်းကို အထိုက်အလျောက် ကာကွယ်တားဆီး ပေးပါတယ်။

(၃) အရောင်ခပ်ဖျော့ဖျော့ ရွေးချယ်ပါ

အဝတ်အစား အရောင်ရွေးချယ်တဲ့အခါ အရောင်အရင့်တွေ အနက်လို အပူစုပ်တဲ့ အရောင်တွေကို တက်နိုင်သမျှ ရှောင်ပါ။ နွေရာသီဖြစ်တဲ့အတွက် အရောင်နုနုလေးတွေက ဝတ်ဖို့သင့်တော်ပါတယ်။ မီးခိုးနဲ့ ခဲရောင်လို အမှိုင်းတွေက ချွေးထွက်တဲ့အခါ အင်္ကျီပေါ်မှာ ချွေးရာထင်းစေတဲ့အတွက် ရှောင်သင့်ပါတယ်။ အဝါနု ၊ အပြာနု ၊ အစိမ်းနု ၊ မရမ်းနု နဲ့ ပန်းနုရောင် ကာလာလေးတွေ စမ်းကြည့်ပါ။

(၄) ပေါ့ပေါ့ပါးပါး ဖိနပ်တွေရွေးချယ်ပါ

မသိသာပေမယ့် ခန္ဓာကိုယ်မှာ ချွေးထွက်များတဲ့ နေရာတစ်ခုက ခြေဖဝါးတွေပါပဲ။ အခုလို ရာသီမှာ ပေါ့ပေါ့ပါးပါး ခြေညှပ်ဖိနပ်တွေကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ခြေအိတ်နဲ့ဝတ်ရတဲ့ Shoes တွေကို တက်နိုင်သမျှ ရှောင်ပါ။ ခြေညှပ်၊ ကွင်းထိုးတို့လို Shoes တွေက ဝတ်ရတာပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ချွေးထွက်များတတ်သူလည်းဖြစ်တယ် မဖြစ်မနေ Shoes တွေ ဝတ်ရတော့မယ်ဆိုရင် ဖိနပ်နဲ့ ခြေအိတ်အပိုတစ်စုံလောက် ဆောင်ထားဖို့ အကြံပေးချင်ပါတယ်။

(၅) ချွေးနံ့ပျောက်ဆေး (Antiperspirant) သုံးပါ

အထူးသဖြင့် နွေရာသီကာလအတွင်း အဝတ်အစား မဝတ်ခင်မှာ ချွေးနံ့ပျောက်ဆေး (Antiperspirant) မဖြစ်မနေ သုံးပေးသင့်ပါတယ်။ ချွေးနံ့ပျောက်ဆေး (Antiperspirant) က ခန္ဓာကိုယ်က ချွေးထွက်ခြင်းကို ထိန်းညှိပေးပြီး ချွေးနံ့ဆိုးတွေထွက်ခြင်းကို အထိုက်အလျောက် သက်သာအောင် ကူညီပေးနိုင်ပါတယ်။