ခန္ဓာကိုယ် အရမ်းပိန်နေလို့ စိတ်ညစ်ရတဲ့အခိုက်အတန့်ကို ခံစားဖူးကြလား။ ဝတဲ့သူတွေမှာပဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေလည်း ထို့နည်းအတူပါပဲ။ တကယ်ဆိုရင် ဝတဲ့သူတွေက ဝိတ်ချဖို့ပိုလွယ်ကူတာဖြစ်ပြီး ပိန်တဲ့သူတွေ ကြွက်သားထုထည်တက်လာဖို့ ခန္ဓာကိုယ် ကိုယ်အလေးချိန်တက်လာဖို့က ပိုပြီးခက်ခဲတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိန်လွန်းလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် လပိုင်းအတွင်း ဝိတ်အမြန်တက်စေမယ့် မှန်ကန်တဲ့အစားအသောက် အနေအထိုင်နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသားဓာတ် သတ္တုဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေကို အလုံအလောက်ဖြည့်တင်းပေးရပါမယ်။ ကျန်းမာထွားကြိုင်းတဲ့ ခန္ဓာကိုယ်ရရှိဖို့ အစားအသောက်က အများကြီးလိုအပ်ပါတယ်။ နေ့စဉ် နွားနို့တစ်ခွက်သောက်သုံးပေးတာမျိုး ကြက်ဥနဲ့ အမဲသားလို အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာမျိုးတွေပြုလုပ်ရပါမယ်။

(၂) အသားချည်းစားနေလို့လည်း ကျန်းမာတဲ့ကိုယ်ခန္ဓာတစ်ခု ရရှိလာနိုင်မှာမဟုတ်ပါဘူး။ အသားနဲ့အတူ အသီးအရွက်ကိုလည်း မျှမျှတတစားပေးဖို့လိုအပ်ပါတယ်။ အသီးအရွက်မှာ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကိုပိုပြီး စားသုံးပေးသင့်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်ဟာကျန်းမာကြံ့နေမှာဖြစ်ပြီး ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။

(၃) ပုံမှန်စားနေကျ ပမာဏထက် ပိုစားပေးပါ။ ပုံမှန် ကိုယ်က ထမင်းတစ်ပန်းကန်လောက်နဲ့ တင်းတိမ်တယ်ဆိုရင်တောင် ကိုယ်ရဲ့ ရည်မှန်းချက်က ဝိတ်တက်လာဖို့ဆိုတာကိုတော့ အမြဲသတိရနေရပါမယ်။ ဒါကြောင့် ပုံမှန်စားနေကျပမာဏထက် အနည်းငယ်ပိုစားပေးရပါမယ်။ တဖြည်းဖြည်း လေ့ကျင့်ယူပါ။ ချက်ချင်းစားနေကြပမာဏထက် အများကြီးပိုစားလိုက်မယ် ဆိုရင်တော့ အစာမကြေရင်ပြည့်ရင်ကယ်တာတွေ ဖြစ်နိုင်တာမလို့ တစ်ရက်ကို နည်းနည်းစီပဲ ပိုစားပေးရင် အဆင်ပြေနိုင်ပါတယ်။

(၄) ထမင်းမစားခင်နဲ့ စားနေစဉ် ရေအဝမသောက်လိုက်ပါနဲ့။ ဒီနည်းကတော့ ဝိတ်ချနေတဲ့သူတွေနဲ့ ပြောင်းပြန်လုပ်ရမတဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ထမင်းမစားခင် ရေအများကြီးသောက်လိုက်မယ်ဆိုရင် အစားစားချင်စိတ်ကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။ ထမင်းစားနေစဉ် ရေသောက်မယ်ဆိုရင်လည်း ထို့အတူပါပဲ။ အစားဆက်လက်စားချင်စိတ်လျော့သွားပြီး ဗိုက်တင်းသလိုခံစားလာရတတ်ပါတယ်။ ထမင်းစားနေစဉ် ရေအစား ရေနွေးသောက်သုံးလို့တော့ရပါတယ်။

(၅) အားကစားတစ်ခုခုပြုလုပ်ပါ။ အစားအသောက်တွေပဲစားနေရင်တော့ ဝိတ်တော့ တက်ကောင်းတက်လာပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာတဲ့ခန္ဓာကိုယ်ဝိတ်တက်နည်းတော့ မဖြစ်နိုင်လောက်ပါဘူး။ ကျန်းကျန်းမာမာနဲ့ ဝိတ်တက်ချင်ရင်တော့ အစားလည်းစား အားကစားလည်းပုံမှန်လုပ်ပေးရပါမယ်။

(၆) အိပ်စက်ချိန်ကိုလည်း အလေးပေးပါ။ အိပ်စက်ချိန်မမှန်တာကလည်း ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေအတွက် အနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်တက်ချင်ရင်တော့ ညဘက်စောစောအိပ်စက်ဖို့လိုအပ်ပြီး အနည်းဆုံး (၇) နာရီခန့် ပြည့်ပြည့်ဝဝ အိပ်စက်ပေးရမှာဖြစ်ပါတယ်။