လူအများစုက ခေါင်းအုံးတစ်ခုထဲကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုတဲ့ အလေ့အကျင့်ရှိကြပါတယ်။ အိပ်ရာတွေ စောင်တွေ ခြင်ထောင်တွေသာ အသစ်ဖြစ်သွားကြတယ်။ ခေါင်းအုံးကတော့ လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ခေါင်းအုံးပဲ ပြန်ပြီးအသုံးပြုတတ်ကြပါတယ်။

လူတွေက ခေါင်းအုံးဝယ်ဖို့ သိပ်ပြီးမစဉ်းစားတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ခေါင်းအုံးက အရေးကြီးဘူးလို့ မှတ်ယူထားကြလို့ပါပဲ။ တကယ်တော့ ခေါင်းအုံးက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ နေရာကနေ ပါဝင်ပတ်သက်နေပါတယ်။

ဒီနေ့ ခေါင်းအုံးလဲလှယ်ပေးသင့်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။

ဝက်ခြံပေါက်စေနိုင်တယ်

ဝက်ခြံပေါက်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ညစ်ပတ်တဲ့အရာ ဥပမာ လက်၊ ဖုန်း၊ ခေါင်းအုံးတွေနဲ့ သင့်မျက်နှာနဲ့ ထိတွေ့လို့ပါပဲ။ ဒီလိုဝက်ခြံမျိုးကို ထွက်မလာအောင် ကာကွယ်လို့ရပါတယ်။ အထူးသဖြင့် ခေါင်းအုံးဖုံးက ဝက်ခြံထွက်လာစေပါတယ်။

သင့်ခေါင်းအုံးနဲ့ ခေါင်းအုံး စွပ်က ဖုန်တွေ၊ အမှုန်တွေ၊ အဆီတွေ၊ မျက်နှာဆဲလ်အသေတွေ၊ အရင်နေ့တွေက လိမ်းထားတဲ့ နေလောင်ခံခရမ်၊ အိပ်ရင်းကျတတ်တဲ့ သွားရည် စတာတွေကို စုဆောင်းထားတဲ့နေရာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သန့်ရှင်းပေးဖို့ လိုပါတယ်။ အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ်လောက် ခေါင်းအုံးစွပ်လဲလှယ် လျှော်ဖွတ်သင့်ပါတယ်။

ပိုးမွှားတွေ ခိုအောင်းတဲ့နေရာ

အထက်ကပြောခဲ့သလိုပဲ ခေါင်းအုံးမှာ အဆီတွေ၊ ဆဲလ်သေးတွေ အများကြီးရှီနေတာကြောင့် ပိုးမွှားတွေအတွက်ကတော့ အကြိုက်ဖြစ်နေတတ်ပါတယ်။ သာမာန်မျက်လုံးနဲ့ ကြည့်လို့မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ နေ့စဉ်ချန်ထားရစ်ခဲ့တဲ့ ဆဲလ်အသေတွေကို စားသုံးကြပါတယ်။

ဒီပိုးမွှားတွေက ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ခေါင်းအုံးကိုနေလှန်းတာ ခေါင်းအုံးစွပ်တွေကို လျှော်ဖွပ်ပေးတာတွေ ပြုလုပ်သင့်ပါတယ်။

ခေါင်းအုံး ပိန်သွားတာ

ခေါင်းအုံးကိုလျှော်ဖွတ်လိုက်တဲ့အခါမှာ ခေါင်းအုံးအတွင်းမှာထည့်ထားတဲ့ အရာတွေက ကျုံသွားတက်ပါတယ်။ ဒါကြောင် သင့်ဦးခေါင်းကို ကောင်းကောင်းပံ့ပိုးပေးနိုင်တော့မှာ မဟုတ်ပါဘူး။

သင့်ခေါင်းအုံးရတာ အဆင်မပြေဖြစ်လာရင် အလွယ်ဆုံးနည်းလမ်းက ထက်ပိုင်းခေါက်ပြီး အုံးတာပဲဖြစ်ပါတယ်။ အမြဲတမ်း ထက်ဝက်ခေါက်ပြီး သုံးနေရရင် ခေါင်းအုံးအသစ်လဲသင့်ပါပြီ။

ခေါင်းအုံးသက်တမ်းကုန်သွားတာ

သင့်ခေါင်းအုံးက နှစ်ပိုင်းပြန်ခေါက်လို့ရအောင် ပြားနေပြီဆိုကတည်းက သက်တမ်းကုန်နေပြီဖြစ်ပါတယ်။ ဒီလို သက်တောင့်သက်သာ မရှိတဲ့ခေါင်းအုံးကို ရေရှည်မသုံးသင့်ပါဘူး။ သင့်ခေါင်းအုံးကို တစ်နှစ်တစ်ကြိမ်လဲလှယ်တာက အကောင်းဆုံးဖြစ်မှာပါ။ မတတ်နိုင်ရင်တောင် သုံးနှစ်တစ်ကြိမ်တော့ အသစ်လဲလှယ်သင့်ပါတယ်။