မိန်းကလေးအများစုနဲ့ သဝန်တိုခြင်းဟာ ခွဲခြားထားလို့မရတဲ့ အရာတစ်ခုပါ။ မိန်းကလေးတော်တော်များများက ကိုယ့်ချစ်သူကောင်လေးတွေအပေါ် သဝန်တိုတတ်ကြပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်တိုနေရင်တော့ တစ်ခုခုလွဲမှားနေပြီဆိုတာ သတိထားပါ။ ယောကျာ်းလေးတွေ အများစုက အရမ်းသဝန်တိုလာတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်တတ်ကြပြီး ဘာကြောင့်သဝန်တိုနေတာလဲ ဆိုတာကို မတွေးမိကြတော့ပါဘူး။

တကယ်တော့ လိုတာထက်သဝန်တိုနေတတ်တဲ့ သင့်ချစ်သူကောင်မလေးမှာ သင်မသိသေးတဲ့ အကြောင်းအရာတွေ ရှိနေတတ်ပါတယ်။ ဘာတွေလဲဆိုတာ တစ်ချက် လေ့လာကြည့်ရအောင်။

အတွေးလွန်နေခြင်း

သင့်ကောင်မလေးရဲ့ ပင်ကိုယ်စိတ်ရင်းသဘောထားကို သင် တကယ်ရော နားလည်ရဲ့လား ပြန်ဆန်းစစ်ပါ။ တစ်ချို့သော မိန်းကလေးတွေဟာ Over Thinking လို့ခေါ်တဲ့ အတွေးလွန်ခြင်း ပြဿနာရှိတတ်ကြပါတယ်။ ဒါဟာ သင့်အပေါ်မှ မဟုတ်ပါဘူး။ ကိစ္စတိုင်းမှာ လိုအပ်တာထက်ပိုပြီး အတွေးလွန်နေတတ်ကြတာပါ။

ဒါကြောင့်သင်နဲ့ ပတ်သက်ရင်လည်း သံသရတွေများပြီး အတွေးလွန်ကာ မလိုအပ်ဘဲ သဝန်တိုတာတွေ ဖြစ်နေရတာဖြစ်ပါတယ်။ သင့်ကောင်မလေးရဲ့စိတ်ကို အကောင်းဆုံးနားလည်အောင် ကြိုးစားပြီး ညှိနှိုင်းသင့်ပါတယ်။

ယုံကြည်မှုပျောက်ဆုံးနေခြင်း

တစ်ချို့သော မိန်းကလေးတွေဟာ Relationship နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ ငါ့ထက်ချောတဲ့ကောင်မလေးနဲ့ တွေ့ရင်စိတ်ယိုင်သွားနိုင်မလား ငါက ရုပ်ဆိုးလို့ထားခဲ့မလား စတဲ့အတွေးတွေနဲ့ သူတို့ကိုယ်သူတို့ ချည်နှောင်ထားတတ်ကြပါတယ်။

သင့်ကိုလည်း အဆုံးအရှုံးမခံနိုင်တဲ့အတွက် လိုတာထက်ပိုပြီး တင်းကျပ်မိမယ် ဟိုမသွားရဒီမသွားရ ဆိုတဲ့အမိန့်တွေလည်း ထုတ်လာမိမှာဖြစ်ပါတယ်။သင် တကယ်ချစ်တဲ့မိန်းကလေးဆိုရင်တော့ သင်ကိုယ်တိုင် သူမကို ယုံကြည်မှုရှိလာအောင် ပြုပြင်ပေးသင့်ပါတယ်။

အတိတ်မှာပြင်းထန်တဲ့ နာကျင်စရာတွေရှိခဲ့ခြင်း

အတိတ်မှာ ပြင်းပြင်းထန်ထန်နာကျင်ခံစားခဲ့ရဖူးတဲ့ မိန်းကလေးတိုင်းလိုလို အခုလိုခံစားချက်မျိုး ရှိတတ်ပါတယ်။ မိသားစုနဲ့ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတာပဲဖြစ်စေ အချစ်ရေးမှာ လိမ်ညာလှည့်ဖျားခံခဲ့ရဖူးတာပဲဖြစ်စေ နာကျင်စရာအတိတ်ဟောင်းတစ်ခုခုရှိခဲ့ရင်တော့ သူတို့အတွက် အဲ့ဒီပုံရိပ်တွေဟာ ဖျောက်ဖျက်ရခက်ခဲနေမှာဖြစ်ပြီး သင့်ကိုလည်းလိုတာထက် သဝန်တိုနေမိမှာဖြစ်ပါတယ်။

သင့်အနေနဲ့ သူမရဲ့ အတိတ်က အဖြစ်အပျက်တွေကို လက်ခံပေးပြီး နာလည်မှုရှိစွာနဲ့ သူမရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးသင့်ပါတယ်နော်။

အရာအားလုံးပုံအပ်ထားခြင်း

သင့်ကို နည်းနည်းလေးပဲချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ နည်းနည်းလေးပဲ သဝန်တိုမှာဖြစ်ပြီး များများချစ်လေ များများ သဝန်တိုလေဖြစ်လာမှာဖြစ်ပါတယ်။ သင့်အပေါ် အရာအားလုံးပုံအပ်ထားပြီး ကြီးမားတဲ့အနာဂတ်အိပ်မက်တွေကို သင်နဲ့အတူတူ ဆေးခြယ်ရောင်ဖို့ စိတ်ကူးယဉ်နေသူတစ်ယောက်ဆိုရင်တော့ သင့်ကို လိုတာထက်ပိုပြီး သဝန်တိုမိမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူ့ကိုနည်းနည်းမှ စိတ်မချဖြစ်ကာ အနာဂတ် အိပ်မက်တွေကို အထိအခိုက်မခံနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ခေတ်ကာလအရကြည့်မယ်ဆိုရင်လည်း အကျော်အခွဇာတ်လမ်းတွေ ဖြုတ်ခုတ်တဲ့ ဇာတ်လမ်းတွေလည်း အရမ်းကို များတာကြောင့် သာမာန်ထက်ကိုပိုပြီး သဝန်တိုမှာသေချာပါတယ်။