ဒီနေ့ခေတ် လူ့အဖွဲ့အစည်းဟာ လူတွေကို အခြားသူတွေနဲ့ အတူတူအချိန်များများ ဖြုန်းဖို့အတွက် အားပေးပါတယ်။ တစ်ယောက်တည်း ရှိနေရင်တောင် သူငယ်ချင်းတစ်ယောက်ဆီ စာပို့တာ၊ အီးမေးလ်ပို့တာ၊ ဖုန်းပြော တာ၊ Skype ပြောတာတွေ လုပ်တတ် ကြပါတယ်။ တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် တစ်နေရာရာသွားဖို့ အမြဲစီစဉ်တတ်ကြပေမယ့် တကယ်တော့ တစ်ယောက်တည်း အချိန်ဖြုန်းတာက ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဒါဆို တစ်ယောက်တည်း အချိန်ဖြုန်း ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေတယ်

လူအများစုက ဆုံးဖြတ်ချက် များချတဲ့အခါ အခြားသူတွေကို အားကိုးလေ့ရှိသော်လည်း တစ်ယောက်တည်း အချိန်ဖြုန်း တာများလာတဲ့အခါ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်တွေချဖို့ ယုံကြည်မှု ပိုရှိလာစေပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့အခါ ကိုယ့်ကိုယ်ပိုင်အတွေးတွေကို အမှန်တကယ် အာရုံစိုက်ဖို့ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လျစ်လျူရှုလို့ရသလို မိမိကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေနိုင်တဲ့ အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် အားသာချက်တွေနဲ့ အားနည်းချက်တွေ အားလုံးကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။

(၂) အလုပ်ပိုလုပ်ဖြစ်စေတယ်

အလုပ်လုပ်တဲ့အချိန် လူအများကြားမှာ ရှိနေတဲ့အခါ အာရုံစိုက်လို့ မရတာကို မကြာခဏ ကြုံဖူးကြမှာပါ။ လူများနေတဲ့ အချိန်မှာ အလုပ်နဲ့ဖြစ်စေ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်စေ တစ်ခုခုဆုံးဖြတ်ချက်ချတဲ့အခါ ရည်မှန်းချက်နဲ့ ဦးစားပေးမှုတွေက မကြာခဏ ကိုယ်လုပ်ချင်တာနဲ့ လွဲသွားတတ်ပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေမှာတော့ အလုပ်ကနေ မိသားစုကိစ္စနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေအထိ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့ အကြောင်းအရာတွေကို အေးအေးဆေးဆေး တွေးတောလို့ ရနိုင်ပါတယ်။ ဒါက ဆုံးဖြတ်တွေအပေါ် သက်ရောက်မှုရှိစေပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ကိုလည်း အကူအညီ ဖြစ်စေပါတယ်။

(၃) ဖန်တီးနိုင်စွမ်း ပိုကောင်းစေတယ်

လူတိုင်းက မတူညီတဲ့ ပုံစံတွေ တီထွင်ဖန်တီးနိုင်ကြပေမယ့် တခြားလူတွေနဲ့ အလုပ်လုပ်ရတဲ့ အခါမှာတော့ အဖွဲ့ရဲ့လုပ်ဆောင်မှုကိုပဲ ယူလိုက်ကြတာ များပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ ပြင်ပလွှမ်းမိုးမှုတွေကို ဖယ်ပြီး ကိုယ်စိတ်ကြိုက် လုပ်လို့ရပါတယ်။ လူတစ်ယောက်နဲ့ တယောက်မတူညီပေမယ့် တီထွင်ဖန်တီးမှုတွေလုပ်ဖို့ မတူညီတဲ့ နည်းလမ်းတွေရှိသလို တစ်ယောက်တည်းရှိတဲ့အခါ ကိုယ်ဘာစိတ်ဝင်စားလဲဆိုတာနဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေကို စူးစမ်းလေ့လာဖို့ အခွင့်အရေး ရှိပါတယ်။

(၄) စိတ်ပိုကြည်လင်စေတယ်

ဒီနေ့ခေတ်လို သတင်းအချက်အလတ်တွေနဲ့ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းမှာ လူတော်တော်များများက အလုပ်၊ ဆိုရှယ်မီဒီယာတွေ ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေကနေရတဲ့ သတင်းအချက်အလက်တွေထဲမှာပဲ မကြာခဏ နစ်မြောနေ တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ဘဝအကြောင်း ပြန်တွေးပြီးတော့ ဖြစ်ပျက်သမျှကို အကဲဖြတ်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေနောက်ပဲ လိုက်နေတာကနေ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း အချိန်ဖြုန်းခြင်းက စိတ်ကို ကြည်လင်စေပြီး၊ ကိုယ့်ကိုယ်ကို ပိုပျော်ရွှင်စေနိုင်သလို သက်တောင့်သက်သာလည်း ပိုရှိစေမှာ သေချာပါတယ်။