အချစ်ရေးနဲ့ပတ်သက်ပြီး မပျော်ရဘူး၊ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို မပိုင်ဆိုင်နိုင်ဘူးဆိုတာက တစ်ခါတစ်လေကျရင်လည်း ကိုယ့်ကြောင့်ပဲ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကြောင့် ပျော်စရာကောင်းတဲ့ အချစ်ရေးကို မရရှိနိုင်တာလားဆိုတာကို သိချင်ရင်တော့ ဒီအချက်တွေနဲ့တူနေလားဆိုတာကို စစ်ကြည့်လို့ရပါတယ်။

အရာရာကိုမကောင်းဘက်ကပဲမြင်နေခြင်း

ဘယ်အရာကိုမဆို၊ ဘယ်သူ့ကိုမဆို မကောင်းတဲ့ဘက်ကပဲကြည့်ပြီး မကောင်းတဲ့အတွေးတွေပဲ ရှိနေမယ်ဆိုရင် အပြည့်အဝမပျော်ရွှင်နိုင်ပါဘူး။ ပျော်စရာကောင်းတဲ့ အချစ်ရေးကို မရနိုင်တဲ့အပြင် အမြဲတမ်းလည်း အလိုမကျဖြစ်တာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုး၊ စိတ်ညစ်ရတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ချစ်သူနဲ့လည်း ခဏခဏရန်ဖြစ်နေရပါလိမ့်မယ်။

တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

အခြားသူဘက်ကို နည်းနည်းမှမတွေးပေးပဲ တစ်ကိုယ်ကောင်းဆန်လွန်းတာမျိုးက အချစ်ရေးမှာ ရေရှည် လုံးဝအဆင်မပြေပါဘူး။ တစ်ဖက်လူက ကိုယ့်ကိုအရမ်းချစ်တဲ့သူ ဖြစ်နေရင်တောင်မှ ကြာလာရင် သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်သွားပြီး စိတ်ပျက်သွားနိုင်ပါတယ်။

သံသယစိတ်တွေများနေခြင်း

သံသယစိတ်တွေ များတဲ့သူက ကိုယ့်အပေါ်ချစ်ပြီး သစ္စာရှိတဲ့သူကို ပိုင်ဆိုင်ထားရင်တောင်မှ ဘာမဟုတ်တာလေးနဲ့ သံသယစိတ်တွေ ဖြစ်နေတတ်ပါတယ်။ သံသယစိတ်တွေများရင် ကိုယ်တိုင်ပူလောင်ရသလို တစ်ဖက်လူအတွက်လည်း အဆင်မပြေပါဘူး။ ခဏခဏပြဿနာတက်၊ စကားများ၊ ရန်ဖြစ်တာတွေပဲ ကြုံနေရမှာပါ။

ချုပ်ချယ်လွန်းခြင်း

အရမ်းချုပ်ချယ်ရင် အချစ်ရေးမှာ မပျော်ရွှင်ရပါဘူး။ ကိုယ်ချုပ်ချယ်သလို၊ ကိုယ်နေစေချင်သလို တစ်ဖက်လူက မနေပေးတဲ့အခါမှာ ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ ချုပ်ချယ်ခံရတဲ့ တစ်ဖက်လူကလည်း ကြာတော့ မွန်းကြပ်ပြီး စိတ်ကုန်လာတတ်ပါတယ်။ ချုပ်ချယ်တဲ့အကြောင်းပြချက်ကြောင့် ပြဿနာတွေတက်၊ ရန်ဖြစ်ရတာ ခဏခဏဖြစ်နေမှာပါ။ ဒီအချက်ကြောင့်ပဲ ပြတ်သွားကြတာတွေတောင် ရှိပါတယ်။

အစိုးရိမ်လွန်ခြင်း၊ အတွေးလွန်ခြင်း၊ သဝန်တိုလွန်းခြင်း

အရမ်းအစိုးရိမ်လွန်နေရင် သေးသေးလေးကအစ စိတ်ပင်ပန်းရပါတယ်။ တစ်ခုခုဆို အတွေးတွေလွန်ပြီး ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်လေ့ရှိပါတယ်။ ဒီတော့ ဘယ်လိုလုပ် အပြည့်အဝ ပျော်ရွှင်နိုင်ပါတော့မလဲ။ နောက်တစ်ခုက သဝန်တိုလွန်းရင်လည်း အဆင်မပြေပါဘူး။ ကိုယ့်ချစ်သူအပေါ်မှာ သဝန်တိုကြတာ မှန်ပေမယ့် အလွန်အကျွံဖြစ်လာရင်တော့ နှစ်ဖက်လုံး စိတ်ဆင်းရဲရမှာပါ။