တစ်ခါတစ်လေကျရင် အချစ်ရေးမှာ အဆင်မပြေဘူးဆိုတာက ကိုယ့် Partner ကြောင့်မဟုတ်ပဲ ကိုယ် ကိုယ်တိုင်ကြောင့် ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် ကိုယ်မှားနေတာတွေကို ပြင်ဖို့လိုပါတယ်။ ဒါမှလည်း အဆင်ပြေပြီး ပျော်ရွှင်ရတဲ့ Relationship ကို ပိုင်ဆိုင်နိုင်မှာပါ။ ကိုယ့်ကြောင့်ပဲ အချစ်ရေးမှာ အဆင်မပြေဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ ဒီအရာတွေပါပဲ။

သံသယစိတ်လွန်ကဲခြင်း

ကိုယ့် Partner အပေါ်မှာ ယုံကြည်မှုမရှိပဲ အမြဲတမ်း သံသယစိတ်လွန်ကဲနေရင် ကိုယ်တိုင်ပဲ အရင်ပူလောင်ရပါတယ်။ ကြာလာရင် တစ်ဖက်လူကလည်း ကိုယ့်ကို စိတ်ပျက်လာမှာပါ။ ကိုယ့်သံသယတွေ၊ မယုံကြည်မှုတွေကြောင့်ပဲ ရန်ဖြစ်စကားများရ၊ ပြတ်စဲရတာတွေ ဖြစ်လာနိုင်ပါတယ်။

အရာရာကိုချုပ်ချယ်လွန်းခြင်း

သူများကို လိုတာထက်ပိုပြီး အရာရာလိုက်ချုပ်ချယ်ရင် ဘယ်သူမဆို မွန်းကြပ်ပြီး ရုန်းထွက်မှာပါပဲ။ အရာရာကို လိုက်ချုပ်ချယ်လွန်းတဲ့သူက ဘယ်သူနဲ့တွဲတွဲ အချစ်ရေးမှာ အဆင်မပြေဖြစ်ပါတယ်။ စိတ်ဆင်းရဲရတယ်၊ ခဏခဏ ရန်ဖြစ်စကားများရပါတယ်။

အထက်စီးကနေပြောဆိုဆက်ဆံခြင်း

ကိုယ့် Partner အပေါ်မှာ ကြင်နာယုယမှုမရှိပဲ အထက်စီးကနေပဲ အမြဲပြောဆိုဆက်ဆံနေရင် ကိုယ့်ကို စိတ်ပျက်လာမှာပါ။ ကိုယ့်ဆီကနေ ထွက်သွားနိုင်ပါတယ်။ ဒါကြောင့် အထက်စီးဆန်တာ၊ စကားအပြောအဆိုရင့်တာ၊ ဒေါသအရမ်းကြီးပြီး ကိုယ်ထိလိုက်ရောက် လုပ်တတ်တာ၊ လူရှေ့ဆို အော်ငေါက်တတ်တာမျိုးတွေ လုပ်တတ်ရင် ပြင်သင့်ပါတယ်။

နားလည်မှုမရှိခြင်း

နားလည်မှုမရှိတဲ့သူက အချစ်ရေးမှာ အဆင်မပြေဖြစ်ပါတယ်။ ဘယ်သူနဲ့တွဲတွဲ အဆင်မပြေတာ၊ အပြည့်အဝ မပျော်ရွှင်ရတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။

တခြားသူတွေနဲ့နှိုင်းယှဉ်ပြောဆိုခြင်း

ကိုယ့် Partner ကို တခြားသူနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ တချို့ကျတော့ ရန်ဖြစ်တိုင်း ရည်းစားဟောင်းတွေနဲ့ နှိုင်းပြောတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါက လူတိုင်းမုန်းကြတဲ့အရာပါ။ ဘာမဟုတ်တဲ့သေးသေးလေးလို့ ထင်နေတဲ့အရာတွေကြောင့်ပဲ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ အများကြီးရှိတာကြောင့် ဆင်ခြင်သင့်ပါတယ်။