အားလုံးပဲမဂ်လာပါနော်..ဒီနေ့တော့ စာဖတ်သူတွေအတွက် အချစ်နဲ့ပတ်သက်ပြီး နာကျင်ခံစားခဲ့ရတဲ့အခါ နောက်လူတယောက်ကို ထပ်မချစ်နိုင်တော့တဲ့ အကြောင်းအရာ တစေ့တစောင်းပြောပြပေးချင်ပါတယ်နော်။

လူတော်တော်များများရဲ့ အတိတ်တွေမှာ အချစ်နဲ့ ပတ်သက်ပြီး နာကျင်ဝမ်းနည်းစရာတွေ ရှိတတ်ကြပါတယ်နော်။ တချို့ခံစားဖူးတဲ့ ဒဏ်ရာတွေ အရမ်းနက်နဲလွန်းပြီး မေ့ဖျောက်ဖို့ခက်တဲ့အခါမှာ တစ်စုံတစ်ယောက်ကို နောက်ထပ်ချစ်ဖို့ကိုတွန့်ဆုတ်သွားတတ်ကြပြီး အချစ်ဆိုတာကို သေလောက်အောင် ကြောက်သွားတတ်ကြပါတယ်။

အချစ်ဆိုတာကို တကယ်ရော ယုံကြည်လို့ရရဲ့လား ဒါမှမဟုတ် အချစ်ကို သယ်ဆောင်လာတဲ့ လူတွေကပဲ ယုံချင်စရာမကောင်းလို့လား အစရှိတဲ့ မေးခွန်းတွေက သူတို့ကို အချစ်နဲ့ ရှောင်နေဖို့အတွက် သင်ကြားပေးလိုက်သလိုဖြစ်သွားတတ်ပါတယ်။ အဲဒီလိုပဲ တစ်စုံတစ်ယောက်ကို ထပ်မချစ်နိုင်အောင် ၊ ထပ်မချစ်ရဲလောက်အောင်ဖြစ်သွားရတဲ့ အကြောင်းအရင်းတချို့ကတော့..

ခံစားချက်တွေ ပိတ်မိနေသေးတဲ့အခါ

ဟိုးအရင်ကတည်းက ချစ်လာခဲ့တဲ့ တစ်စုံတစ်ယောက်ကို ခုချိန်ထိ သတိရလွမ်းဆွတ်နေဆဲ အချိန်တွေဆိုတာ ရှိတတ်ကြပါတယ်။ ဇာတ်လမ်းတွေ ပြီးဆုံးသွားခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာ သူရှိနေဆဲ ခံစားချက်က တစ်ခြားတစ်ယောက်ကို လွယ်လွယ် အစားထိုးဖို့ မဖြစ်နိုင်သေးလို့ပါပဲ။ ကိုယ့်ရဲ့ရင်ဘတ်တစ်ခုလုံးမှာ အချစ်ဟောင်းနဲ့ပတ်သက်တဲ့ အမှတ်တရ ပုံရိပ်တွေပဲ နေရာယူထားတဲ့အခါ အချစ်သစ်မွေးဖွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးနော်။ ဒီလို ခံစားချက်တွေကို မလွှတ်ချနိုင်သေးပဲ ခံစားချက်တွေ ပိတ်မိနေဆဲမို့လို့ ထပ်ချစ်ဖို့ မဖြစ်နိုင်သေးတာ ဖြစ်ပါတယ်။

မလှပခဲ့တဲ့အတိတ်ဇာတ်လမ်း

တစ်စုံတစ်ယောက်ကို နောက်ထပ်ချစ်ဖို့မဖြစ်တော့တာ၊ ထပ်မချစ်ရဲတော့တဲ့ အကြောင်းအရင်းဖြစ်ပေါ်လာရတဲ့ အဓိကအချက်တစ်ချက်က သူတို့တွေ့ကြုံခဲ့ဖူးတဲ့ အတိတ်က အချစ်တွေကြောင့် ဖြစ်ပါတယ်။ လူတယောက်ကို နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးတဲ့သူတယောက်ဟာ အဲဒီတစ်စုံတစ်ယောက်က သူတို့ကို စိတ်ဒဏ်ရာပေးပြီးနာကျင်စေခဲ့တဲ့အခါမျိုးတွေ ၊ ကိုယ်က အရမ်းချစ်ခဲ့ပေမယ့် ကိုယ်ပေးသလောက် ပြန်မရခဲ့တဲ့အခါမျိုးတွေမှာဆိုရင်တော့ အချစ်ဆိုတာကို ယုံကြည်မှုမဲ့သွားတတ်ပါတယ်။ နောက်တခုက သူတို့ထပ်ပြီး ချစ်မိရင် ထပ်ပြီး နာကျင်ရမှာဆိုတဲ့စိတ်ဝင်လာတတ်ပြီး အချစ်နဲ့ ခပ်ကင်းကင်း နေထိုင်လာတတ်ကြပါတယ်။

အချစ်ထက်ဉီးစားပေးရမယ့်အရာများရှိလာတဲ့အခါ

ဆယ်ကျော်သက်အရွယ်မှာတော့ အချစ်ဆိုတာကို ဘဝလို့ မှတ်ယူခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ဘဝရဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကြားမှာ ခံယူချက်တွေဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာတတ်ကြပါတယ်။ ငယ်ငယ်တုန်းကတော့ အချစ်ကို ရူးရူးမူးမူး ကိုးကွယ်ပြီး ဘဝတစ်ခုလုံး ထင်မှတ်ဖူးကြပေမယ့် အသက်အရွယ်ရလာတဲ့အခါမှာ တစ်ခြားသောအရာတွေက အချစ်ထက် ဦိးစားပေးရမယ်ဆိုတာမျိုး ရှိလာခဲ့ပါတယ်။ ဥပမာ- ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ အိပ်မက်၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခု စသဖြင့် အဲဒါတွေဟာ အချစ်ထက် အရင် ဦးစားပေးစာရင်းဝင်လာခဲ့ပါတယ်။

တစ်ယောက်တည်း နေတတ်သွားတဲ့အခါ

တစ်စုံတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲချစ်ခဲ့လို့ပဲ ဖြစ်ဖြစ်၊ ရည်းစားတွေအများကြီးထားခဲ့လို့ပဲ ဖြစ်ဖြစ် အချိန်တစ်ခုမှာ အချစ်ကို သင်စိတ်ပျက်ကောင်း စိတ်ပျက်သွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်ကို ချစ်ရတာဟာ အရမ်းကိုပင်ပန်းပြီး သူ့ဆီက အချစ်ကို မျှော်လင့်ရတာဟာ စိတ်မွန်းကြပ်စေလွန်းတယ်ဆိုတာကို သိသွားတဲ့အခါမှာ သင်တယောက်တည်းနေဖို့ စဉ်းစားလာမိမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ထပ်ပြီး အချစ်ကို မရှာဖွေချင်တော့ပဲ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ယူရင်းနဲ့ တစ်ယောက်တည်း အေးဆေးနေရတဲ့ဘဝကို ခုံမင်လာတတ်ပါတယ်နော်။ တကယ်တော့ တစ်ယောက်တည်းနေထိုင်တတ်ခြင်းမှာ အသားကျသွားတဲ့သူဟာ အချစ်ဆိုတဲ့အရာကို ပူလောင်တဲ့အရာလို့ပဲမြင်ပြီး ဝေးဝေးမှာပဲနေထိုင်ကြတော့တယ်။