ဒေါက်မြင့်ဖိနပ်လေးစီးလိုက်တဲ့အခါ စမတ်ကျပြီးကျော့ရှင်းလှပစေတယ်ဆိုတဲ့အချက်ကို အများစုက လက်ခံထားကြပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်စီးတာဟာ ကျန်းမာရေးအတွက်တော့ မကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အချိန်ကြာလာတာနဲ့အမျှ ခါးကိုတောင့်စေတာ ၊ ဖနောင့်နဲ့ ခြေချောင်းလေးတွေ ထုံတာ ကျဥ်တာတွေခံစားလာရပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးတွေခံစားရတာတောင်မှ မိန်းကလေးတွေက ဒေါက်ဖိနပ်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်ဆင် နေကြတာ ဘာကြောင့်လဲ?

လမ်းလျှောက်တဲ့အခါ ဆွဲဆောင်မှုရှိစေတယ်

ဖိနပ်အပါးနဲ့လမ်းလျှောက်တာထက် ဒေါက်မြင့်ဖိနပ်နဲ့လမ်းလျှောက်တဲ့အခါ ဖိနပ်ရဲ့ဒေါက်တွေ က တင်ကိုပင့်ထားသလိုဖြစ်စေတာကြောင့် လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ကိုစမတ်ကျနေပြီး ခြေလှမ်း တိုင်းဟာ ကြွကြွရွရွနဲ့ အရင်ကထက် ဆွဲဆောင်မှုရှိစေပါတယ်။

မိန်းမဆန်တဲ့ အသွင်အပြင်ကို ပိုရစေတယ်

ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တဲ့အခါ ဒေါက်ကိုထိန်းပြီးလမ်းလျှောက်ရတာမို့ ပိုပြီးသိမ်မွေ့တဲ့ ပုံစံပေါ်စေပါတယ်။ ခြေလှမ်းအကျဲကြီးတွေအစား ခြေလှမ်းအစိတ်ကလေးတွေ လှမ်းရတာမို့ ကြောင်လေးလမ်းလျှောက်သလို ညင်ညင်သာသာနဲ့လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက ဝင့်ကြွားနေပြီး သိမ်သိမ်မွေ့မွေ့နဲ့ ပိုပြီးမိန်းမသားဆန်တဲ့ အသွင်အပြင်ကိုရစေပါတယ်။

မိန်းမသားတွေရဲ့အမှတ်အသားတစ်ခု

ဒေါက်ဖိနပ်ဟာ Energy အပြည့်နဲ့အလုပ်လုပ်နေတဲ့ မိန်းမတွေရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ ‌အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်လို့ Internet မှာရှာကြည့်လိုက်ပါ။ အများစု က ဒေါက်ဖိနပ်၀တ်ထားကြတယ်ဆိုတာ အသေအချာပါပဲ။

ယုံကြည်မှုပိုရှိစေတယ်

ဒေါက်မြင့်ဖိနပ်စီးထားတဲ့အချိန်ဆို ခန္ဓာကိုယ်က မတ်နေပြီး ဖိနပ်အပါးစီးထားတဲ့အချိန်ထက် ပိုပြီးစမတ်ကျ၊ ကျော့ရှင်းလှပနေတာမို့ သာမန်အချိန်ထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိစေ ပါတယ်။

သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှု

ဒီလိုဆိုတိုင်းလည်း သင်ဟာမဖြစ်မနေ ဒေါက်ဖိနပ်စီးကိုစီးရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ခြေထောက်ကို ထုံကျဥ်စေတာ ၊ ခြေသလုံးတွေတောင့်တင်းစေတာ ၊ ခါးနာတာတွေ ကိုလည်း ခံစားရစေနိုင်တာမို့ ရွေးချယ်ခြင်း ၊ မရွေးချယ်ခြင်းဆိုတာကတော့ သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုပါ။ ဒါဆိုရင် သင်ကောဘာကိုရွေးချယ်မှာလဲ?