ကိုယ်ချစ်သူနဲ့လက်ထပ်ဖို့အထိ ရည်မှန်းထားသူတွေရှိလား။ ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်တာပဲ ဘာအခက်အခဲတွေအများကြီးရှိမှာလဲလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ချစ်သူဘဝနဲ့အိမ်ထောင်သည်ဘဝဆိုတာ မိုးနဲ့မြေလိုကွာခြားပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ချစ်သူတွေအဖြစ်ကနေ လက်ထပ်ထိမ်းမြှားလိုက်ပြီး အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းတဲ့အခါ ကြုံတွေ့ရမယ့်အခက်ခဲတွေကို ပြောပြပေးချင်ပါတယ်။

(၁) အချစ်ထက်ဦးစားပေးစရာတွေပေါ်လာမယ်

လက်ထပ်လိုက်ပြီဆိုတာနဲ့ အချစ်ထက် အလေးပေးစရာအရာတွေ အများကြီးပေါ်လာပြီဖြစ်ပါတယ်။ လင်မယားနှစ်ယောက် အဆင်ပြေပြေနေနိုင်ဖို့ နံပါတ်တစ်အချက်အလုပ်ရှိရမယ်။ နောက်တစ်ချက်စားသောက်စရိတ် နေထိုင်စရိတ် ရေဖိုးမီးဖိုး အဝတ်စားဖိုးကအစ အသေးစိတ်ရှာရဖွေရမယ် နောင်တစ်ချိန် ကလေးယူတဲ့အခါမှာလည်းအဆင်သင့်ဖြစ်နေဖို့ စုဆောင်းရမယ် စသည်ဖြင့် ဦးစားပေးရမယ့်အရာတွေ အများကြီးလိုပေါ်လာပါတယ်။ အရင်လိုချစ်တယ်ပြောနေရုံနဲ့ ထမင်းဝမှာမဟုတ်တဲ့အတွက်လက်တွေ့ဘဝမှာ ရုန်းကန်မှရတော့မှာဖြစ်ပါတယ်။

(၂) အိမ်ထောင်တာဝန်တွေကို ခွဲဝေယူရမယ်

ချစ်သူတွေဘဝတုန်းကလို ဆိုင်ကောင်းကောင်းမှာ အမြဲတမ်းသွားစားဖို့ဆိုတာ မလွယ်တော့ပါဘူး။ အိမ်မှာပဲကိုယ်တိုင် ချက်ပြုတ်စားသောက်ရတော့မှာဖြစ်ပါတယ်။ မိန်းမဖြစ်သူက ချက်ပြုတ်ရေးပိုင်းတာဝန်ယူရင် ကိုယ်အနေနဲ့ အိမ်သန့်ရှင်းကို တာဝန်ယူပေးမှ အဆင်ပြေမှာဖြစ်ပါတယ်။ မိဘအိမ်မှာတုန်းကလိုတော့ စားပြီးသားပန်းကန်ထားခဲ့တာ အဝတ်ဆိုရင်ခြင်းထဲ ပစ်ထည့်လိုက်တာမျိုး ရတော့မှာမဟုတ်ပါဘူး။ ကိုယ်စီ အိမ်ထောင်တာဝန်တွေ ခွဲဝေယူမှသာ သာယာချောမွေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရစေမှာဖြစ်ပါတယ်။

(၃) ထိန်းချုပ်မှုတွေများလာမယ်

ချစ်သူဘဝမှာ ကိုယ်ကိုချုပ်ချယ်ဆိုတာက အသေးအမွှားပါ။ အချိန်တိုင်းအနားမှာ မရှိနေနိုင်တဲ့အတွက် လွတ်လပ်သင့်သလောက်တော့ လွတ်လပ်ပါသေးတယ်။သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် ထိုင်မလား Club တက်မလား စသည့်ဖြင့် လွတ်လပ်ခွင့်ကို သုံးတက်ရင်သုံးလို့ရပေမယ့် အိမ်ထောင်သည်ဘဝကိုရောက်သွားပြီဆိုရင်တော့ အရင်ကထက် ထိန်းချုပ်မှုတွေက ပိုပြီးကျပ်လာမှာဖြစ်ပါတယ်။ အလုပ်ကနေ အိမ်တန်းမပြန်ရင် ဘာကြောင့်လဲ ဘာလဲဆိုတဲ့ မေးခွန်းတွေဖြေရမယ့် တစ်ခါတစ်လေ ဘီယာဆိုင်ထိုင်ချင်ထိုင်လို့ရရင်တောင် အိမ်ပြန်နောက်ကျဖို့ အခွင့်အရေးနည်းသွားမယ် စသည့်ဖြင့် ထိန်းချုပ်မှုတွေရှိလာမှာဖြစ်ပါတယ်။

(၄) မိသားစုအသိုင်းအဝိုင်းကိုပါ ထည့်စဉ်းစားရမယ်

ပတ်သတ်တဲ့မိသားစု အသိုင်းအဝိုင်းတွေကို မျက်ကွယ်ပြုထားလို့မရပါဘူး။ ဆွေမျိုးသားချင်းတွေဆိုတာ မခေါ်ချင်လို့ရပေမယ့် မတော်ချင်လို့ ရရိုးထုံးစံမရှိတဲ့အတွက်မိသားစုအသိုင်းအဝိုင်းနဲ့ပါ အဆင်ပြေပြေနေဖို့ လိုလာမှာဖြစ်ပါတယ်။ မိသားစုနဲ့ အဆင်ပြေအောင်နေရုံတင်မကပါ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ပါ သူမကိုအဆင်ပြေအောင်ထားနိုင်ဖို့ကိုလည်း မဖြစ်မနေ ထည့်စဉ်းစားရတော့မှာပါ။ မိသားစုနဲ့အဆင်မပြေတဲ့ အိမ်ထောင်ရေးက စိတ်ဆင်းရဲသောကတွေ များစွာဖြစ်စေတာကြောင့် မိသားစု ဆွေမျိုးတွေနဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလာမှာဖြစ်ပါတယ်။