ကိုယ် မချစ်မနှစ်သက်တဲ့သူနဲ့ မိဘက အတင်းပေးစားလို့ လက်ထပ်ယူလိုက်ရတဲ့ ခေတ်က ကုန်သွားပါပြီ… ဒီလိုထင်နေရင်တော့ သင် မှားသွားပါလိမ့်မယ်။

ဘယ်လောက်ပဲ ခေတ်မှီပြောင်းလဲ တိုးတက်လာတယ်လို့ ဆိုနေပါစေ မိဘက အတင်းပေးစားလို့ ယူလိုက်ရတယ်ဆိုတဲ့ အခြေအနေက အနည်းအကျဉ်းတော့ ရှိနေဆဲပါပဲ။

ဒီလိုမျိုး အိမ်ကပေးစားလို့ လက်ထပ်လိုက်ရတဲ့ စုံတွဲတိုင်းလိုလို ကြုံတွေ့ရလေ့ရှိတဲ့ အိမ်ထောင်ရေး ပြဿနာများ ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်လှပါချည်ရဲ့ ချစ်လွန်းလှပါချည်ရဲ့ဆိုပြီး ချစ်လို့ယူထားတဲ့ စုံတွဲတွေတောင် တခါတရံ သဘောထားမတိုက်ဆိုင်တာတွေ ကတောက်ကဆဖြစ်တာတွေ ရန်ဖြစ်တာမျိုးတွေတောင် ဖြစ်တတ်ကြသေးတာ။

မချစ်မနှစ်သက်ဘဲ လက်ထပ်လိုက်ရတဲ့အခါ ကြုံရမယ့် အိမ်ထောင်ရေး ပြဿနာတွေက ပိုတောင်များပါဦးမယ်။

တစ်ယောက်နှင့်တစ်ယောက် ယုံကြည်နားလည်မှုမရှိခြင်း

မိဘက အတင်းစီစဉ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်သူသမီးရည်းစားဘဝဆိုတာ ဘာလဲမသိဘဲနဲ့ ဒီနေ့ပဲတွေ့ နောက်နေ့ လက်ထပ်လိုက်ရတာမျိုး ရှိတတ်ပါတယ်။

ယုံကြည်မှုဆိုတာ အချိန်အတိုင်းအတာတစ်ခုယူပြီး တည်ဆောက်ရတာဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်ဖို့လိုအပ်ပါတယ်။

တွေ့မြင်ရတာ ဘယ်လောက်မှမရှိသေးတဲ့ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်လိုက်ရတဲ့အခါ သူ့အကြောင်း ကိုယ်မသိ ကိုယ့်အကြောင်း သူမသိနဲ့ ယုံကြည်မှုလည်း ဘယ်လိုမှ တည်ဆောက်ယူလို့ မရပါဘူး။

သဘောထား မတိုက်ဆိုင်ခြင်း

စောစောက ပြောခဲ့သလိုပဲ သူ့အကြိုက် ကိုယ့်အကြိုက် လုံးဝ မသိလိုက်ရဘဲနဲ့ လက်ထပ်လိုက်ရတာဖြစ်ပါတယ်။ သဘောထား မတိုက်ဆိုင်မှုသည်လည်း မကြာခဏ ဆိုသလို ကြုံတွေ့နေရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ နှစ်ဦးသား တိုင်တိုင်ပင်ပင်နဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ ထိုအိမ်ထောင်ရေးက အချိန်တိုအတွင်းမှာပဲ ပြိုလဲသွားမှာဖြစ်ပါတယ်။

အိမ်ထောင်ရေးကို အပြိုအလဲမခံဘဲ ယိုင်တိယိုင်တိုင်နဲ့ပဲ ဆက်သွားနေမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ယောက် စိတ်ကုန်လာမှာဖြစ်ပြီး ဘယ်လိုမှ သည်းခံနိုင်တော့မှာမဟုတ်ဘဲ ရန်တကျက်ကျက်နဲ့သာ အချိန်ဖြတ်သန်းသွားရမှာဖြစ်ပါတယ်။

ကြာလာတဲ့အခါ အိမ်မှာနေရတာ မပျော်တော့ဘဲ အပြင်မှာခြေရှုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုလူမှုရေး အရှုပ်အရှင်းတွေသည် လူ့အသိုင်းအဝိုင်းမှာ လက်သင့်မခံနိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့် ပေါင်းသင်းနေစဉ်အတွင်းမှာ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွယ်လာတယ်ဆိုရင် မာနကို ရှေ့တန်းမတင်ဘဲ တိုင်ပင်ညှိုနှိုင်းကာ အလျော့အတင်း ပြုလုပ်သင့်ပါတယ်။

သံယောဇဉ် လုံးဝမရှိတော့ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောကာ ကွာရှင်းသင့်ပါတယ်။

နှစ်ဖက်မိဘ ပြဿနာများ

အစကတည်းက နှစ်ယောက်စလုံးဟာ မိဘတွေရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ လက်ထပ်ခဲ့ကြရတာမဟုတ်လား။ ဒါဆိုရင်တော့ နှစ်ဖက်မိဘရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကိုလည်း အဆုံးတိုင် ခံနေရဦးမှာပဲဖြစ်ပါတယ်။ ကြာလာရင် နှစ်ဖက်မိဘအကြား ဗျာများပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကို ချမပြရဲဘူး။ သူ့ရှေ့မှာ တစ်ချိန်လုံး ဟန်ဆောင်နေရတဲ့အခါမျိုးမှာ အချိန်ကြာလာသည်နှင့်အမျှ လူက မပျော်ရွှင်တော့ဘဲ စိတ်ဖိစီးမှု များလာတတ်ပါတယ်။

စိတ်ဖိစီးမှု များလာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများလည်း တစ်ခုပြီးတစ်ခု ဝင်လာပြီး စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။

မွေးလာသော သားသမီးများ စိတ်ဒဏ်ရာရခြင်း

စိတ်သဘောထား မတိုက်ဆိုင်လို့ သားသမီးရှေ့ ရန်ဖြစ်မိတဲ့အခါ မွေးလာတဲ့ သားသမီးအတွက်လည်း စိတ်မလုံခြုံမှုတွေ စိတ်ဒဏ်ရာတွေ လက်ဆောင်ပေးနေတာနဲ့အတူတူပါပဲ။

နှစ်ယောက်သား စိတ်သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ချင်တယ်ဆိုရင်တောင်မှ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာမျိုးတွေ၊ သားသမီးရှေ့ ရိုက်နှက်ဆဲဆိုတာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကြောင့် ကိုယ့်ရဲ့ကလေး စိတ်ဒဏ်ရာရမယ့်ကိစ္စမျိုးကို မလုပ်တာ အကောင်းဆုံးပဲမဟုတ်လား။