မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ရက်ရွှေ့ရင်း အချိန်ဆွဲနေမိတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကသင့်ကို လေ့ကျင့်ခန်းလုပ်ဖို့ Motivation ပြန်ရအောင် ကူညီပေးမှာပါ။ ဒါတစ်ခေါက်မှာ လေ့ကျင့်ခန်း တစ်ပတ်လောက် စလုပ်ပေးရုံနဲ့ ခန္ဓာကိုယ်မှာရရှိလာမယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ တစ်ပတ်ထဲအချိန်ပေးရုံနဲ့ ဘာလိုအကျိုးတွေရနိုင်မလဲ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်ပါ။

အစားအသောက်ရွေးချယ်မှု မှန်လာမယ်


လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့သူက ဒီတိုင်းမလှုပ်ရှားဘဲ ပျင်းနေတဲ့သူထက်စာရင် အစားအသောက်ကို ပိုဂရုစိုက်လာတတ်ပါတယ်နော်။ အဆီအဆိမ့်တွေထက် လေ့ကျင့်ခန်းလုပ်ဖို့ ခံနိုင်ရည်ရှိစေမယ့် ပရိုတင်းဓာတ်တွေရွေးစားတာမျိုး လုပ်မိစေမှာဖြစ်လို့ ကျန်းမာရေးအတွက်ပါ အထောက်အပံ့ဖြစ်မှာပါ။

အသားအရေ Glow လာမယ်


Skincare မလိုဘဲ မျက်နှာ Glow ချင်ရင် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးလိုက်ပါတယ်နော်။ လေ့ကျင့်ခန်းကြောင့် ချွေးထွက်ရာကတစ်ဆင့် ချွေးနဲ့အတူ ကိုယ်တွင်းအဆိပ်အတောက်တွေပါ ထွက်သွားတာမို့ မျက်နှာလေးကြည်ပြီး Glow လာပါလိမ့်မယ်။

ကိုယ်အလေးချိန်လည်း လျော့လာမယ်


လေ့ကျင့်ခန်းကို တစ်ပတ်တည်းလုပ်ရုံနဲ့တော့ သိသိသာသာဝိတ်မကျနိုင်ပေမယ့် မလုပ်ဘဲနေတာနဲ့ယှဉ်ရင် ကယ်လိုရီလောင်ကျွမ်းမှု ပိုများပြီး ခန္ဓာကိုယ်တွေ ပေါ့ပါးလာတာကို ခံစားမိမှာပါ။

အိပ်ရေး၀၀ အိပ်နိုင်လာမယ်


နေ့ဘက်မှာ လှုပ်လှုပ်ရှားရှားနေတဲ့သူက ညပိုင်းမှာ အိပ်ပျော်ဖို့ပိုလွယ်တာကို တော်တော်များများ သိကြမှာပါ။ လေ့ကျင့်ခန်းလုပ်ထားတဲ့သူက ခန္ဓာကိုယ်အားပြန်ဖြည့်ဖို့လိုတာမို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတတ်ပါတယ်။ သင်က ညဘက်အတွေးများပြီး အိပ်ပျော်ဖို့ခက်တဲ့သူဆိုရင် လေ့ကျင့်ခန်းသာ လုပ်ကြည့်လိုက်ပါ။

စိတ်ကြည်လင်လာမယ်


လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်မှုဟော်မုန်းတက်စေတာမို့ စိတ်ဖိစီးမှုကို လျှော့ချပေးရာရောက်ပါတယ်။ လှုပ်ရှားရင်း ချွေးတွေထွက်သွားတဲ့အခါ သင့်ကို စိတ်ရောကိုယ်ပါကြည်လင်ပြီး လန်းဆန်းစေမှာပါ။

ကြွက်သားတွေသန်မာပြီး အရင်ထက်အားပိုရှိလာမယ်


လေ့ကျင့်ခန်းအတွက် ခန္ဓာကိုယ်ကြွက်သားကို အားပြုပြီးလုပ်ရတာမို့ တစ်ပတ်လောက်လုပ်ပြီးတဲ့အခါ ကြွက်သားအနေအထားပြောင်းလဲပြီး အရင်ထက်ပိုအားရှိကာ သန်မာလာစေမှာပါ။

နောက်ပိုင်းမှာလည်း အချိန်ပေးဖြစ်သွားမယ်


ဘယ်အရာမဆို စလုပ်ဖြစ်ဖို့တော့ ခက်ခဲပေမယ့် တကယ်တမ်း အချိန်တစ်ခုလောက် လုပ်မိသွားရင် တဖြည်းဖြည်း အကျင့်ဖြစ်သွားတတ်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းကို တစ်ပတ်လောက်စလုပ်လိုက်တဲ့အခါ ကိုယ်ရဲ့အချိန်ပေးနိုင်မယ့်အနေအထားကို ပိုသိပြီး အကျင့်ရသွားစေမှာဖြစ်လို့ ဒီနေ့ပဲ စလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Source: Pinterest

By MySyle Myanmar