ကော်ဖီသောက်ပြီး ဝိတ်ချလို့ ရသလားဆို ရတယ်လို့ အကြမ်းဖျဉ်း‌ ပြောလို့ရပါတယ်။ ကော်ဖီဟာ အစာစားချင်စိတ်ကို လျော့ပါးအောင် ထိန်းထားနိုင်တယ်။ ဇီဝကမ္မဖြစ်စဉ်ကို ပိုတိုးတက်ကောင်းမွန်စေတယ်။ Body Fat တွေ လောင်ကျွမ်းစေတယ်လို့ ယူဆထားလို့ပါ။

ဒီယူဆချက်သုံးမျိုးစလုံး ညွှန်းနေတာက ကိုယ်အလေးချိန် လျော့ကျစေမှုပါပဲ။ ဒီတော့ ယေဘုယျသဘောပြောရရင် ကော်ဖီကို ဝိတ်ချရာမှာ သောက်သုံးလို့ ရပါတယ်။ ဘယ်လို သောက်ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း ပေးထားပါတယ်။

(၁) အရောအနှောမပါတဲ့ ကော်ဖီဖြစ်ပါစေ

ကော်ဖီမှာ အချိုတွေ ၊ ခရမ်တွေ မထည့်ဘဲ ‌Black Coffee မျိုး သောက်တာက ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ Black Coffee တစ်ခွက်မှာ ၅ ကယ်လိုရီထက် နည်းပြီး ပါပါတယ်။

တကယ်လို့ ဗိုက်မကောင်းတဲ့သူဆို Black Coffee နဲ့ ပေါ့ပေါ့ပါးပါး Cracker တစ်ခုခုလောက်နဲ့ တွဲစားပေးသင့်ပါတယ်။ Black Coffee မသောက်ချင်ရင် သကြားမပါ နို့နည်းနည်း ထည့်စွက်ပြီး သောက်နိုင်ပါတယ်။

တစ်ရက်တစ်ရက် ၈ အောင်စ ကော်ဖီတစ်ခွက်စာ ၄ ကြိမ်ထက် ပိုမသောက်သုံးဖို့ လိုပါတယ်။ ဝိတ်ကျဖို့ဆို အသင့်တော်ဆုံးက တစ်ရက်ကို ကဖိန်းဓါတ် 400mg ထက် ပိုမသောက်ပေးသင့်လို့ ဖြစ်ပါတယ်။

ကော်ဖီခပ်ပြင်းပြင်း သောက်ရတာ ကြိုက်ရင် ၄ ခွက်ထက် ပိုမသောက်ဖို့ အရေးကြီးပါတယ်။

(၂) ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန် သိပါစေ

ကမ္ဘာပေါ်မှာ နှစ်စဉ် ကော်ဖီသောက်သုံးမှုဟာ ကော်ဖီအိတ်ပေါင်း ၁၆၇ သန်းဝန်းကျင် ရှိပါတယ်။ အမေရိကန်တစ်ယောက်ဟာ ပျမ်းမျှ တစ်ရက်ကို ကော်ဖီ ၄ ခွက် သောက်လေ့ရှိပြီး ဥရောပသားတစ်ယောက်ဆို တစ်ရက်ကို ပျမ်းမျှ ကော်ဖီ ၇ ခွက် သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ကော်ဖီကို နိုးကြားတက်ကြွစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်ကြသလို ဝိတ်ကျချင်လို့ သောက်တာတွေလည်း ရှိတာပါပဲ။ ဝိတ်ချဖို့အတွက် ကော်ဖီသောက်မယ်ဆိုရင် နေ့စဉ် Workout မလုပ်ခင် နာရီဝက်လောက် ကြိုပြီး သကြားဘာညာ မပါတဲ့ Black Coffee တစ်ခွက်လောက် သောက်ပါ။

ကဖိန်းဓါတ်က အားကစားလုပ်ဆောင်မှုစွမ်းရည်ကိုလည်း ပုံမှန်ထက် ၁၁% ပိုမြှင့်တင်ပေးနိုင်စွမ်းရှိသလို ကြွက်သားနာကျင်မှုတွေ အမြန်သက်သာအောင်လည်း ကူညီပေးနိုင်ပါတယ်။

အိပ်ရာဝင်ခါနီး အနည်းဆုံး ၆ နာရီအတွင်း ကော်ဖီသောက်တာ ရှောင်ပါ။ အိပ်ရေးပျက်ပြီး ဝိတ်တက်စေနိုင်လို့ ဖြစ်ပါတယ်။ အိပ်မရတဲ့ ဝေဒနာရှိရင်လည်း ကော်ဖီနဲ့ ကဖိန်းဓါတ်ပါတဲ့ အစားအသောက်တွေ ရှောင်ကြဉ်သင့်ပါတယ်။

(၃) ကော်ဖီဥပုသ်စောင့်ပါ

ကော်ဖီသောက်တာက အစာစားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာ မှန်ပါတယ်။ ရေရှည်မှာ ဝိတ်ချရေးအတွက် ကော်ဖီကို သုံးသွားမယ်ဆိုရင်တော့ ကော်ဖီကို စည်းစနစ်နဲ့ သောက်တာ အကောင်းဆုံးပါပဲ။

ကော်ဖီကို အချိန်တစ်ခုထားပြိး မသောက်ဘဲ ဖြတ်ထားတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါကို Caffeine Detox လို့ ခေါ်ပါတယ်။ ဥပမာ တစ်ပတ်တစ်ကြိမ် နှစ်ပတ်တစ်ခါဖြစ်ဖြစ် ကော်ဖီမသောက်ဘဲ နားထားတာမျိုး လုပ်သင့်ပါတယ်။

ကော်ဖီကို နေ့တိုင်း ပုံမှန်သောက်သုံးသွားရင် အချိန်ကြာလာတာနဲ့အမျှ ကဖိန်းရဲ့ Effects ကို ယဉ်သွားပြီး ဇီဝကမ္မဖြစ်စဉ်နဲ့ အဆီလောင်ကျွမ်းမှုတွေ နှေးသွားတတ်ပါတယ်။

ကော်ဖီဥပုသ်စောင့်ခြင်းအားဖြင့် ကော်ဖီက‌ပေးတဲ့ ကဖိန်းဓါတ်အစွမ်းကို ခန္ဓာကိုယ်က ထိထိရောက်ရောက် အသုံးချနိုင်ပြီး ဝိတ်ချရာမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။