အိပ်ချိန်ကောင်းကောင်းရဖို့ အရေးပါသလို မနက်ခင်းကို ဘယ်လို စတင်ရမလဲ ဆိုတာကလည်း အရေးပါ ပါတယ်။ သင့်တစ်နေ့တာကို ဘယ်လို စတင်ပြီး ဘယ်လို အကျိုးရှိစွာ ကုန်ဆုံးမယ်ဆိုတာက မနက်ပိုင်း ၁၀ မိနစ် အချိန်အကန့်အသတ်က အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။

သင်က မနက်နိုးတာနဲ့ Alarm ကို ပြန်ပိတ်ပြီး အိပ်တတ်တယ်။ နိုးလာရင်လည်း ဖုန်းကို ကောက်ကိုင်ပြီး ၁၀ မိနစ်လောက် Facebook သုံးလိုက်ပါမယ်ဆိုပြီး တွေးကာ သုံးမိတယ်။ ဟိုကြည့်ဒီကြည့်နဲ့ အချိန်ကုန်သွားတယ်။ တကယ် အိပ်ရာထတော့ သင်က လုပ်စရာတွေရဲ့နောက် မိနစ် ၂၀ လောက် နောက်ကျသွားလေ့ရှိသူဆိုရင်တော့ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အောင်မြင်လာမယ့် သူတွေကတော့ အောက်ဖော်ပြပါ အချက်တွေကို မနက်ပိုင်းမှာ ၁၀ မိနစ် အချိန်ပေးပြီး လုပ်လေ့ရှိပါတယ်။

၁။ သူတို့ကိုယ် သူတို့ အားဖြည့်တယ်

သင်က မနက်နိုးတာနဲ့ ဘာမှ မလုပ်ခင် အိပ်ရာက ချက်ချင်းထပြီး ရေအဝ သောက်သင့်ပါတယ်။ တစ်ညလုံး ရေလုံးဝ မသောက်ထားတဲ့အခါ ရေဓာတ် ခန်းခြောက်နေပြီး သင့်ဆီမှာ ခွန်အားတွေ ကုန်ဆုံးနေနိုင်ပါတယ်။ ရေများများသောက်မယ်ဆိုရင်တော့ သင်အားပြန်ပြည့်သွားမယ့်အပြင် အစာချေစနစ်အတွက်ပါ အကျိုးရှိပါတယ်။

၂။ သူတို့က ကျေးဇူးတင်လေ့ရှိတယ်

သင်က ရေသောက်ပြီးတာနဲ့ မျက်လုံးလေး ခဏမှိတ်ကာ ခဏတဖြုတ် အသက်ရှူတာကို အာရုံစိုက်သင့်ပါတယ်။ ဒီလို အာရုံစိုက်ရင်း သင့်ဘဝမှာ ကျေးဇူးတင်စရာတွေကို ခဏတဖြုတ် တွေးသင့်ပါတယ်။ မိသားစု နဲ့ နေနိုင်တာ၊ စားစရာ ရှိတာ စတာတွေက ကျေးဇူးတင်စရာတွေပါပဲ။ သင့်ဘေးမှာ ကျေးဇူးတင်နိုင်ဖို့ စာအုပ်အသင့် ထားကာ ဒီထဲ ရေးနိုင်ပါတယ်။

၃။ သူတို့က အားတက်ဖို့ အရာတွေ လိုက်ရှာတယ်

မိနစ်အနည်းငယ်လောက် သင့်ဘဝ ရည်မှန်းချက်တွေက ဘာလဲ စဉ်းစားသင့်ပါတယ်။ သင့်ဘဝမှာ ဘယ်အရာတွေက အရေးပါလဲ တွေးသင့်ပါတယ်။ ကိုယ့် ရည်မှန်းချက်တွေ ရေးထားတဲ့ စာအုပ်ရှိရင် ဒါကို လှန်ဖတ်နိုင်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ ပြန်ဆက်နွယ်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးသင့်ပါတယ်။

၄။ အာရုံစိုက်စရာ ရှာကြတယ်

ဒီအဆင့်မှာတော့ သင်က ရှေ့အချက်တွေကြောင့် စိတ်ကြည်သွားပါပြီ။ ဒီတော့ နောက်ထပ် ဘာလုပ်ရမလဲဆိုတော့ ဒီတစ်နေ့တာမှာ အရေးအပါဆုံး လလုပ်ရမယ့် အရာတွေက ဘာတွေလဲ စာရင်းသတ်မှတ်ရပါမယ်။ ကိုယ်တစ်နေ့တာမှာ အဓိက အာရုံစိုက်ရမယ့် အလုပ်တစ်ခု နှစ်ခုလောက်ကို စာအုပ်ထဲ ရေးသင့်ပါတယ်။

၅။ သူတို့က လှုပ်ရှားကြတယ်

သင်က မနက်ခင်းမှာ အားကစား အပြည့်အဝ ပြင်းပြင်းထန်ထန် လုပ်စရာ မလိုပါဘူး။ လုပ်ရမယ့် အချိန်အတိုင်းအတာထက် ကိုယ်လုပ်ဖြစ်ဖို့ပဲ လိုပါတယ်။ အကြောလျှော့တာ၊ ယောဂကျင့်တာ စတာတွေကို လုပ်နိုင်ပါတယ်။ သင့်နှလုံးအတွက် လှုပ်ရှားမှု အနည်းငယ် ဖြစ်သွားရင် လုံလောက်ပါပြီ။

အကျင့်တစ်ခု ဖြစ်ဖို့က အနည်းဆုံး သုံးပတ်ဝန်းကျင်လောက် ကြာတာမို့လို့ သင့်အနေနဲ့ ဒါတွေကို သုံးပတ်လောက် ဦးတည်ကာ လုပ်ကြည့်သင့်ပါတယ်။ ဒီ မနက်ခင်း ၁၀ မိနစ် Routine ကြောင့် သင်ပြောင်းလဲလာတာကို သတိပြုမိပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar