ချစ်သူလေးနဲ့အတူ ခရီးသွားခြင်းက ရင်ခုန်စေကောင်းတဲ့အပြင် ချစ်သူအချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုတို့ကိုလည်း ပိုမို ခိုင်မာလာစေပါတယ်။ ဒီလို ရာသီဥတုလေးကလည်း ခရီးသွားလို့ကောင်းတဲ့ ရာသီလေးပါပဲ။ မကြာခင် ရောက်ရှိလာမဲ့ အားလပ်ရက်လေးမှာ ခရီးသွားချင်တဲ့ ချစ်သူစုံတွဲတို့အတွက် ကမ္ဘာပေါ်က ရိုမန့်တစ်အဖြစ်ဆုံး နေရာများကို ဝေမျှပေးချင်ပါတယ်။

ဟာဝိုင်ရီ

ချစ်သူစုံတွဲတို့အတွက် ကမ္ဘာပေါ်က ရိုမန့်တစ် အဖြစ်ဆုံး နေရာများထဲက ရွေးချယ်စရာ တစ်ခုကတော့ ဟာဝိုင်ရီ ပဲဖြစ်ပါတယ်။ ဟာဝိုင်ရီရဲ့ လှပတဲ့ နေဝင်ချိန်တွေ၊ မိုးကုတ်စက်ဝိုင်းနဲ့ တစ်တန်းတည်း ဖြစ်နေတဲ့ အဆုံးအစမရှိ ပင်လယ်ပြင်နဲ့ ရှုမငြီးဖွယ် ဆည်းဆာရောင်ခြည်တို့က ချစ်သူစုံတွဲတွေအတွက် စိတ်ကူးယဉ်ဆန်ပြီး ရင်ခုန်စရာ အခိုက်အတန့်လေးတွေကို ပေးစွမ်းနိုင်မှာပါ။

ဘာလီ

ချစ်သူစုံတွဲပဲဖြစ်ဖြစ်၊ ကြင်စဦးဇနီးမောင်နှံတို့ ဟန်းနီးမွန်းသွားချင်လို့ပဲ ဖြစ်ချင်လို့ပဲဖြစ်ဖြစ်၊ အာရှတိုက်ထဲမှာပဲ ခရီးသွားဖို့ ရွေးချယ်မယ်ဆိုရင် လှပတဲ့ အင်ဒိုနီးရှား ဘာလီကျွန်းလေးက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ ဘာလီကျွန်းလေးမှာ ချစ်သူလေးနဲ့အတူ သဘာဝအလှအပတွေ ခံစားလို့ရတဲ့အပြင် ရင်သပ်ရှုမောဖွယ် လှပတဲ့ မြင်ကွင်းတွေက ရိုမန့်တစ် ခရီးစဉ်လေးကို ပိုမို အသက်ဝင်စေမှာပါ။

ဗင်းနစ် (အီတလီ)

အိမ်မက်နဲ့ လက်တွေ့ဘဝကြားက အခိုက်အတန့်လေးကဲ့သို့ လှပတဲ့နေရာလေးကို ခရီးထွက်မယ်ဆိုရင် အီတလီက ဗင်းနစ်မြို့ကို သတိရလိုက်ပါ။ အီတလီနိုင်ငံ မြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော်ဖြစ်သော ဗင်းနစ်မြို့ကို Adriatic ပင်လယ်ရှိ ရေကန်ကြီးအတွင်းရှိ ကျွန်းငယ်ပေါင်း ၁၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားပါတယ်။ ၎င်းမှာ လမ်းများမရှိဘဲ တူးမြောင်းများသာ ရှိသော ရေပေါ်မြို့လေး ဖြစ်ပါတယ်။ ချစ်သူလေးနဲ့အတူ တူးမြောင်းတစ်လျှောက် လှေစီးရင်း ဗင်းနစ်မြို့ရဲ့အလှအပတွေကို ခံစားနိုင်ပါတယ်။

မော်ဒိုက်

ချစ်သူစုံတွဲတို့အတွက် ကမ္ဘာပေါ်မှာရိုမန့်တစ် အဖြစ်ဆုံး နေရာများကို ပြောရမယ်ဆိုရင် မော်ဒိုက်ကလည်း ထိပ်တန်းစားရင်ထဲမှာ ပါပါတယ်။ မော်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ တွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။

သီရိအင်္လကာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပါတယ်။ အရမ်းကို လှပတဲ့ မော်ဒိုက်မှာ တည်းခိုဖို လှပတဲ့ Resort တွေလည်းရှိပါတယ်။ မော်ဒိုက်မှာ ရေငုပ်မလား၊ ကမ်းခြေမှာ ရေကစားမလား၊ လှပတဲ့ သဲသောင်ပြင်ပေါ်မှာ ကြည်ကြည်နူးနူး လမ်းလျှောက်ရင်း စကားပြောမလား။ စိတ်ကြိုက်ရွေးချယ်ရင်း အမှတ်တရခရီးလေးတစ်ခု ဖန်တီးလိုက်ပါ။

အခုဖော်ပြပေးလိုက်တဲ့ နေရာလေးတွေကတော့ ချစ်သူစုံတွဲတွေ ဖြစ်စေ၊ ကြင်စဦးဇနီးမောင်တွေ အတွက် ပျားရည်ဆမ်း ခရီးအတွက် ဖြစ်စေ၊ ရွေးချယ်နိုင်တဲ့ ရိုမန့်တစ် အဖြစ်ဆုံး‌ နေရာလေးတွေပဲ ဖြစ်ပါတယ်။