လောကနိယာမသဘောတရားကိုက အမှန်တရားဆိုတာ တခါတလေ ခါးသီးလွန်းလှပါတယ်။ သင့်အတွက် လက်ခံရခက်ခဲပြီး သင်လက်ခံရမှာကြောက်နေပေမယ့် တချိန်ချိန်မှာ မဖြစ်မနေ လက်ခံလာရမယ့် အမှန်တရား (၃) ခုကို မျှဝေပေးချင်ပါတယ်။

၁။ သင်ချစ်တဲ့သူအားလုံး တစ်နေ့ သေရမှာဖြစ်တယ်

ဒီအမှန်တရားဟာ စာရေးသူကိုအပါအဝင် စာဖတ်သူတို့ကိုပါ တဒင်္ဂ ငေးငိုင်သွားစေမယ့် အမှန်တရားတစ်ခုပါပဲ။ သင်ဘယ်လောက်ချစ်တယ်ပဲဆိုဆို သင်ချစ်တဲ့သူ သင်တန်ဖိုးထားရတဲ့သူတွေဟာ တစ်နေ့ သင့်ကိုခွဲခွာသွားရမှာပါ။

ကျွန်မတို့တွေအားလုံးဟာ အနားမှာရှိနေတဲ့အချိန် တန်ဖိုးမထားတတ်ကြဘဲ ခွဲခွာသွားမှ နောင်တရတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့ တန်ဖိုးထားရတဲ့ မိဘ ၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို ဘယ်အချိန် ဆုံးရှုံးရမယ်ဆိုတာ သင်မသိနိုင်ပါဘူး

Source: Walt Rakowich

ဒါ့ကြောင့် ရှိနေတဲ့အချိန်၊ အတူတူ ရှိနေချိန်မှာ တန်ဖိုးထားပါ။ ပြည့်ပြည့်၀၀ ဂရုစိုက်ပါ။ သူမရှိတော့ရင်လို့ တွေးလိုက်တာနဲ့၊ မိဘတွေမရှိတော့ရင်၊ ငါ့ချစ်သူမရှိတော့ရင် ဆိုပြီး တွေးလိုက်တာနဲ့ ရင်ထဲမှာမွန်းကြပ်သွားတဲ့ခံစားချက် အားလုံးမှာရှိကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်တဲ့သူကို ကိုယ်စိတ်ဆိုးတဲ့အချိန် သူသာမရှိတော့ရင်ဆိုတဲ့ စိတ်မျိုးတွေးကြည့်လိုက်ပါ။ ဘယ်အရာမှာ ထာဝရမတည်မြဲပါဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်ဆိုင်ထားရတဲ့အရာတွေအားလုံးကို တန်ဖိုးထားပါ။

၂။ အတိတ်ဆိုတာ ပြောင်းလဲလို့မရဘူး

Source: Billy Epperhart

အတိတ်မှာ ကိုယ်ဘာတွေမှားခဲ့သလဲ။ ကိုယ်ဘာတွေလုပ်မိခဲ့သလဲ။ ဒါတွေအားလုံးကို သင်နောက်ပြန်လှည့် ပြောင်းလဲပစ်လို့မရပါဘူး။ ကိုယ်ရေးတဲ့သမိုင်းဟာ ကိုယ့်အရိပ်တစ်ခုလိုပါပဲ။ ဒါပေမယ့် သင်အခုလက်ရှိဘဝကိုတော့ သင်အကောင်းဆုံး နေထိုင်လို့ရပါတယ်။ ကျွန်မတို့တွေအားလုံးဟာ တစ်ခုခုကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် အဲဒီရွေးချယ်မှုကပဲ ကျွန်မတို့ရဲ့ တန်ဖိုးကို ပြန်ပြီးဆုံဖြတ်တိုင်းတာပေးသွားတာပါ။ဒါ့ကြောင့် အတိတ်ကို တမ်းတပြီး ပူဆွေးနေမလား။ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ အခုပဲ ဆုံးဖြတ်မလားဆိုတာကတော့ သင့်အပေါ်မှာပဲမူတည်ပါတယ်။

၃။ သင်ဟာ ပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး

သင်လက်မခံချင်လည်းလက်ခံရပါလိမ့်မယ်။ သင်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ဘေးကလူတွေအားလုံးဟာလည်း မပြည့်စုံတဲ့သူတွေပါပဲ။ တစ်ယောက်ကိုယ်တစ်ယောက် အပြစ်တင်နေမယ့်အစား အကောင်းဆုံးဆိုတာကို အတူတူ ဖန်တီးကြဖို့ ဘာလို့ ကြိုးစားအားထုတ်မှုမရှိတာလဲ။ သူဌေးတစ်ယောက်ဟာလည်း ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်တာသင်သတိရပါ။ လူဆိုတာ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်ရင် နေတတ်ရင် ပျော်စရာဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ့်ရဲ့မပြည့်စုံမှုကို တွေးပြီး ဝမ်းနည်းအားငယ်နေဖို့မလိုပါဘူး။ သင်သာလျှင် သင့်ဘဝကို ပျော်ရွှင်စေတဲ့သူပါ။ သင်ဟာလျှင်သင့်ဘဝကို ပြောင်းလဲနိုင်တဲ့သူဖြစ်ပါတယ်။

ဒီအမှန်တရားတွေဟာ သင့်ကို နာကျင်စေပေမယ့် ပိုပြီးရင့်ကျက်တဲ့သူ၊ ပိုပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်စေမှာဖြစ်ပါတယ်။ ပိုပြီး ရင့်ကျက်လိုက်ပါ။