မိန်းကလေးတိုင်းရဲ့ဘဝမှာ စိတ်အလှုပ်ရှားရဆုံးနဲ့ ဘယ်တော့မှမမေ့ပျောက်နိုင်တဲ့ နေ့တွေကိုပြောပါလို့ဆိုရင် သူမရဲ့မင်္ဂလာလက်ထပ်ပွဲနေ့က ပါကိုပါဝင်နေပါတယ်။ ကျော့ရှင်းလှပတဲ့ သတို့သမီးဝတ်စုံအဖြူရောင်လေးဝတ်ဆင်ပြီး ကိုယ့်ချစ်သူ သတို့သားလောင်းဆီကို အပျော်ဆုံးအပြုံးနဲ့ တလှမ်းချင်းလျှောက်လှမ်းလာတာလောက် လှပတဲ့အရာမရှိနိုင်ပါဘူး။

ကိုယ့်အတွက်အရေးကြီးဆုံးနေ့ဖြစ်တဲ့ မင်္ဂလာလက်ထပ်ပွဲကို အဖက်ဖက်ကပြီးပြည့်စုံဖို့အတွက် စီစဥ်ရတာက စိတ်လှုပ်ရှားစရာကောင်းလှတယ်ဆိုပေမယ့်လည်း ကိုယ်နဲ့အလိုက်ဖက်ဆုံး အလှဆုံးဖြစ်နေမယ့် သတို့သမီးဝတ်စုံကို ရွေးချယ်ရတာလောက်တော့ ဆိုးမယ်မထင်ပါဘူးနော်။

အခုလိုမျိုး မိန်းကလေးတိုင်း တစ်သက်မှာတစ်ခါလောက်တော့ ဝတ်ကြည့်ဖူးချင်တဲ့ သတို့သမီးဝတ်စုံတွေကိုမှ ဖက်ရှင်သမိုင်းတစ်လျှောက် လူပြောအများဆုံးဖြစ်ခဲ့ပြီး နောက်ထပ်လှပလွန်းတဲ့ သတို့သမီးဝတ်စုံဒီဇိုင်းလေးတွေ ဖန်တီးနိုင်အောင်လို့ ဒီဇိုင်နာတွေကို ဥာဏ်ကွန့်မြူးစေနိုင်ခဲ့တဲ့ သတို့သမီးဝတ်စုံတွေကို MyStyle Myanmar ကနေပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Diana, Princess of Wales

ရာစုနှစ်တစ်ခုရဲ့လက်ထပ်ပွဲ လို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ မင်းသားချားလ်စ်နဲ့ လေဒီဒိုင်ယာနာတို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ လက်ထပ်ပွဲကို ၁၉၈၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ လေဒီ ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံကိုတော့ David နဲ့ Elizabeth Emanuel တို့မှ ဆင်စွယ်ရောင်ပိုးသား ၁၃၁ ပေ နဲ့ တန်ဖိုးကြီးလှတဲ့ ရှေးရိုးရာဇာ ၂၅ ပေ တို့ကို အသုံးပြုပြီး သေးငယ်လှတဲ့ပုလဲပေါင်းထောင်ချီဆင်မြန်းကာ ဖန်တီးချုပ်လုပ်ပေးထားပါတယ်။

Cambridge မြို့စားကတော် Kate Middleton

Cambridge မြို့စား မင်းသားဝီလီယံနဲ့ မြို့စားကတော် ကိတ် တို့ရဲ့ လက်ထပ်ပွဲဟာဆိုရင်လည်း ဗြိတိန်တော်ဝင်မိသားစုထဲက နောက်ထပ်ခမ်းနားလှတဲ့ လက်ထပ်ပွဲတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိရှိလှပလွန်းတဲ့ ကိတ်ရဲ့သတို့သမီးဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာကတော့ Alexander McQueen ပါ။

Grace Kelly

Wedding မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Conde Nast Brides ကနေပြီး ပြုလုပ်ခဲ့တဲ့ Survey အရ စတိုင်ကျလှပပြီး ကျက်သရေအရှိဆုံး သတို့သမီးစာရင်းထဲမှာ မင်းသမီး Grace Kelly က နံပါတ်တစ်ချိတ်နေပါတယ်။ ဟောလိဝုဒ်မင်းသမီးချော Grace နဲ့ Prince of Monaco တို့ရဲ့လက်ထပ်ပွဲကျင်းပခဲ့တာ ရာစုနှစ်တစ်ဝက်ကျော်လွန်ခဲ့ပြီဆိုပေမယ့်လည်း ရပ်သပ်ရှုမောဖွယ် သတို့သမီးဝတ်စုံဝတ်ဆင်ထားတဲ့ Grace ရဲ့ပုံရိပ်က များပြားလှတဲ့ဒီဇိုင်နာတွေအတွက်တော့ အဆုံးမသတ်နိုင်တဲ့ အနုပညာဥာဏ်ကွန့်မြူးမှုကို ယနေ့အချိန်ထိ ပေးစွမ်းနိုင်ပါတယ်။ ဆင်စွယ်ရောင်ပိုးသားနဲ့ အင်မတန်နူးညံ့လှတဲ့ ဇာတို့ကိုမှ ပုလဲပေါင်းထောင်ချီ တန်ဆာဆင်ထားလို့ တကယ့်နတ်သမီးဝတ်စုံလေးအလားပါပဲ။

Angelina Jolie

ဟောလိဝုဒ်ရဲ့အထင်ကရ အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်ခဲ့တဲ့ ဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ လက်ထပ်ပွဲကို ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြင်သစ်တောင်ပိုင်းမှာ အကျဥ်းချုံးပြုလုပ်ခဲ့ကြပါတယ်။ မင်းသမီး ဂျိုလီဟာ ပိုးသားနဲ့ပြုလုပ်ထားတဲ့ သတို့သမီးဝတ်စုံပေါ်မှာ သူမ သားသမီး ၆ ယောက် ရေးဆွဲထားတဲ့ အရောင်စုံရုပ်ပုံပန်းချီတွေကို ထည့်သွင်းပေးဖို့အတွက် Atelier Versace မှ ဒီဇိုင်နာတွေကို တောင်းဆိုခဲ့ပါတယ်။

The Twilight Saga ဇာတ်ကားမှ မင်းသမီး Kristen Stewart

Twilight စီးရီးဇာတ်ကားတွေထဲက ဇာတ်လိုက်ကာရိုက်တာ Bella Swan ရဲ့ သတို့သမီးဝတ်စုံကတော့ အင်မတန်ကိုလူပြောများစေခဲ့ပါတယ်။ ဒီလိုလှပလွန်းတဲ့ သတို့သမီးဝတ်စုံကို ဖန်တီးပေးခဲ့တာကတော့ Carolina Herrera ဖြစ်ပြီး ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ၃၅၀၀ ရှိပါတယ်။

Victoria Beckham

သတို့သမီးဝတ်စုံတွေ၊ အခြားဖက်ရှင်ဒီဇိုင်းတွေနဲ့ Accessories တွေကို ဖန်တီးရင်း လက်ရှိမှာ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာနဲ့ ဖက်ရှင် Icon တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းတို့ရဲ့ လက်ထပ်ပွဲကိုလည်း ချန်ခဲ့လို့မရပါဘူး။ ၁၉၉၉ ခုနှစ် ဇူလိုင်လတွင် အိုင်ယာလန်မှာ ကျင်းပခဲ့တဲ့ သူတို့လက်ထပ်ပွဲမှာတော့ ဗစ်တိုးရီးယားဟာ Vera Wang ဖန်တီးပေးထားတဲ့ ပေ ၂၀ ခန့်အရှည် ရှန်ပိန်ကာလာ သတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။

Sussex မြို့စားကတော် Meghan Markle

၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မင်းသား ဟယ်ရီနဲ့ Meghan Markle တို့ရဲ့ လက်ထပ်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံကိုတော့ ဗြိတိန်ဖက်ရှင်ဒီဇိုင်နာ Clare Waight Keller က ဖန်တီးပေးခဲ့ပါတယ်။ မြို့စားကတော်ကိုယ်တိုင် မစ္စ Waight Keller နဲ့ အနီးကပ်ပူးပေါင်းတိုင်ပင်ကာ ကျော့ရှင်းမှုကိုအသားပေးပြီး အပြစ်ပြောစရာမရှိလှတဲ့ သတို့သမီးဝတ်စုံတစ်ခုကို ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။