ခန္ဓာကိုယ်ပြောင်းလဲနိုင်ဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို မျှတအောင်လုပ်ဖို့လိုသလို စိတ်ရှည်ရမယ် ဇွဲရှိဖို့လည်းလိုပါမယ်။ ပြီးတော့ တစ်စိုက်မတ်မတ်ပုံမှန်လေး လုပ်ဆောင်သွားရမှာပါ။ နှစ်သစ်ရည်မှန်းချက်မှာ ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲမယ်လို့ စိတ်ကူးထားသူတွေအတွက် အဆီပိုတွေရှင်းလင်းပေးပြီး ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်စေဖို့ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

တင်းနစ်

တင်းနစ်ကစားနည်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ပြုလုပ်ပေးရတဲ့ ကစားနည်းတစ်ခုဖြစ်တဲ့အတွက် အဆီပိုတွေ အမြန်ဆုံး လောင်ကျွမ်းစေပါတယ်။ တင်းနစ်ရိုက်တဲ့အခါ လက်မောင်းအားကို အသုံးပြုပြီး ကစားရတဲ့အတွက် လက်မောင်းကြွက်သားတွေကို သန်မာစေတဲ့အပြင် ပြေးလွှားပြီး ကစားရတဲ့အတွက်လည်း ပေါင်ကအဆီတွေကို ကျစေပါတယ်။

ရေကူးခြင်း

ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ အဆီတွေကို အမြန်ဆုံး ကျချင်တယ်ဆိုရင်တော့ ရေကူးခြင်းလေ့ကျင့်ခန်းက မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ရေကူးခြင်းက ချွေးထွက်တဲ့ အားကစားနည်းတွေကိုမကြိုက်တဲ့သူတွေရွေးချယ်သင့်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး မြန်မြန်ဆန်ဆန်ဘဲ အဆီကျစေမှာဖြစ်ပါတယ်။ ရေကူးခြင်းက အဆီကျစေရုံသာမက ခန္ဓာကိုယ်ကြွက်သားတွေသန်မာလာအောင်လည်းကူညီပေးပြီး ရင်အုပ်နဲ့ ပခုံးကြွက်သားတွေကို ကျယ်ကားလာစေမှာဖြစ်ပါတယ်။

စက်ဘီးစီး

စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ကြသူအများစုဟာ ခန္ဓာကိုယ်မှာအဆီပိုတွေကင်းစင်ပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်လေ့ရှိကြပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းကလည်း အချိန်တိုအတွင်းအဆီတွေပိုမိုလောင်ကျွမ်းဖို့ကူညီပေးပြီး ပေါင်နဲ့ တင်ပါးတစ်ဝိုက်ကအဆီကိုအထိရောက်ဆုံးကျစေပါတယ်။

ယောဂ

ယောဂလေ့ကျင့်ခန်းဟာလည်း အဆီကျဖို့အထိရောက်ဆုံးကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်သွယ်လျလှပတဲ့ ဘော်ဒီမျိုးပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ပခုံးနဲ့ ခြေထောက်တစ်ဝိုက်ကအဆီပိုတွေကို အလျင်မြန်ဆုံးကျချင်တယ်ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကိုလုပ်ဆောင်သင့်ပါတယ်။  ယောဂလေ့ကျင့်ခန်းက ပခုံး နဲ့ခြေထောက်ကကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့အပြင် ဝမ်းဗိုက်အဆီတွေကိုလည်း ကျစေပါတယ်။