တက်တူးချစ်သူများအတွက် ပန်းပွင့်ပုံတက်တူးများကလည်း ရေပန်းစားတဲ့ တက်တူးအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ပန်းပွင့်ပုံတက်တူး ဒီဇိုင်းတစ်ခုစီတိုင်းမှာလည်း သူ့အဓိပ္ပာယ်ကိုယ်စီရှိတာကြောင့် ကိုယ်ထိုးမယ့်တက်တူးဒီဇိုင်းကို မထိုးခင်ကတည်းက သေချာလေ့လာထားသင့်ပါတယ်။

ဒေစီပန်းပုံတက်တူး

ဒေစီပန်းပုံတက်တူးကတော့ သစ္စာရှိမှု၊ ကံကောင်းခြင်းနှင့် အချစ်တို့ကို ရည်ညွှန်းပါတယ်။ ထိုဒေစီပန်းတက်တူးက ခန္ဓာကိုယ်တက်တူးအတွက် မှန်ကန်သောရွေးချယ်မှုတစ်ခုဖြစ်ပြီး အချို့ကလည်း မိမိဘဝမှာ တန်ဖိုးမဖြတ်နိုင်သူများကို ကိုယ်စားပြုဖို့ရန်အတွက် ထိုတက်တူးကို ရေးထိုးလေ့ရှိကြပါတယ်။

နှင်းဆီပန်းပုံတက်တူး

နှင်းဆီပန်းပုံတက်တူးများက သူတို့ရဲ့ပန်းအရောင်၊ ပန်းပွင့် ပန်းလန်းပုံအနေအထားပေါ် မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ နှင်းဆီနီတက်တူးကတော့ စိတ်ကူးယဉ်ဆန်တဲ့အချစ်ကို ကိုယ်စားပြုပြီး နှင်းဆီဝါကတော့ သူငယ်ချင်းသံယောဇဉ်ကို ကိုယ်စားပြုပါတယ်။ အမဲရောင်နှင်းဆီကတော့ ဝမ်းနည်းပူဆွေးခြင်းကို ဖော်ကျူးနေပါတယ်။

လီလီပန်းပုံတက်တူး

အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း၊ သန့်ရှင်းစင်ကြယ်မှုကို ဖော်ကျူးချင်တယ်ဆိုရင်တော့ လီလီပန်းတက်တူးက အသင့်တော်ဆုံးပါပဲ။ မှင်အနက်ရောင်နှင့်သာမက အဖြူရောင်မှင်နှင့်လည်း ရေးထိုးနိုင်သည့် တက်တူးအမျိုးအစားထဲမှာ လီလီပန်းတက်တူးကလည်း တစ်ခုအပါအဝင်ပါပဲ။

ကြာပန်းပုံတက်တူး

ကြာပန်းပုံတက်တူးကတော့ အသစ်တစ်ဖန်မွေးဖွားခြင်း၊ ဉာဏ်အမြော်အမျှင်ကြီးခြင်းနှင့် အလှတရားတို့နှင့် ပက်သက်ဆက်နွယ်နေပါတယ်။ ရွံ့တောထဲမှာ ပေါက်တဲ့ ကြာပန်းက ဇွဲ၊ လုံ့လရှိခြင်း၊ မျှော်လင့်ခြင်းနှင့် ခက်ခဲကြမ်းတမ်းသောအချိန်တွင်လည်း အလှတရားတည်ရှိနေကြောင်းကို သတိပေးနေတတ်တဲ့သင်္ကေတတစ်ခုပါပဲ။