ယနေ့ခေတ် ၂၁ ရာစုမှာ ချစ်ကြိုက်ကွဲဇာတ်လမ်းတွေ အရမ်းကိုများလာပါတယ်။ အရင်ခေတ်ကလို သုံးနှစ်သုံးမိုး တွဲတယ်ဆိုတဲ့ စုံတွဲက အနည်းစုသာရှိပါတော့တယ်။ ချစ်သူသက်တမ်းနည်းနည်း ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေ ဒုက္ခတွေကိုမခံနိုင်ကြပဲ လမ်းခွဲပြတ်စဲသွားကြတာပါ။

ဒီနေ့မှာတော့ ယနေ့ခေတ် စုံတွဲတွေ မတည်မြဲရတဲ့ အဓိကအကြောင်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) သည်းခံနိုင်စွမ်း နည်းလာခြင်း

ဒီဘက်ခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက်သည်းခံနိုင်တဲ့ စိတ်က အရင်ခေတ်ကလို အများကြီးမရှိကြတော့ပါဘူး။ သူတစ်လူ ငါတစ်မင်းဆိုတဲ့ စိတ်တွေများလာကြပါတယ်။

ပြဿနာတစ်ခုခုဖြစ်ရင်လည်း သူမှန်တယ်ငါမှန်တယ်ဆိုတဲ့ အတ္တစိတ်တွေနဲ့ အနိုင်ယူလိုစိတ်တွေ များနေကြတာဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် သည်းခံနိုင်ခြင်းမရှိရင် ဒီအချစ်ရေးကလည်း တည်မြဲမှာမဟုတ်တော့ပါဘူး။

(၂) သစ္စာမရှိခြင်း

အဓိကကတော့ သစ္စာမရှိကြတော့တာပါပဲ။ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ရင် တကယ်တန်ဖိုးထားရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စနိုက်ကြော်တာတွေ ခြံခုန်တဲ့ဇာတ်လမ်းတွေ ရှိလာမှာမဟုတ်ပါဘူး။

ဖောက်ပြန်နိုင်လောက်တဲ့ အခြေအနေနဲ့ကြုံရင်တောင် ကိုယ်ချစ်သူအပေါ် တကယ်တန်ဖိုးထား ချစ်မြတ်နိုးတယ်ဆိုရင် သူ့အပေါ် သစ္စာစောင့်သိနေမှာဖြစ်ပါတယ်။

(၃) ဆိုရှယ်မီဒီယာတွေ အသုံးများခြင်း

လက်ရှိဖောက်ပြန်သွားကြတဲ့ သူတော်တော်များများက ဆိုရှယ်မီဒီယာတွေက စတယ်ဆိုရင်မမှားပါဘူး။ နည်းပညာတိုးတက်လာတာနဲ့အမျှ ဆိုရှယ်မီဒီယာတွေကနေ လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်လာတယ် စကားတွေပြောနိုင်လာတယ် နောက်ဆုံးလူချင်းတွေ့ပြီး စကားပြောနိုင်တဲ့ Video Call တွေပါ ခေါ်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့် ဖောက်ပြန်ဖို့ကလည်း အရမ်းကိုအခွင့်အရေးများလာပြီး စိတ်အလိုလိုက်ကာ ဖောက်ပြန်မိတက်ကြတာပါ။

(၄) တစ်ယောက်အကြောင်း တစ်ယောက်မသိခြင်း

အရင်ခေတ်ကလူတွေဟာ လူတစ်ယောက်ကို လွယ်လွယ်မချစ်တတ်ကြပါဘူး။ ဒီလူအကြောင်းကို သေချာစုံစမ်းလေ့လာပြီး ရွေးချယ်ဖို့သင့်တော်တယ်ဆိုမှ ရွေးချယ်ကြတာပါ။

ဒီနေ့ခေတ်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်မသိလည်း လွယ်လွယ်ချစ်လိုက်ကြပါတယ်။ လွယ်လွယ်ချစ်လိုက်ခြင်းရဲ့ အကျိုးဆက်က အချိန်ကြာလာနဲ့အမျှ ကိုယ်လက်မခံနိုင်တဲ့ အကြောင်းတွေပေါ်လာပြီး နောက်ဆုံးမှာ လမ်းခွဲပြတ်စဲလိုက်ကြတာဖြစ်ပါတယ်။

(၅) ငွေကြေးပြဿနာ ရှိလာခြင်း

လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တာ ငွေရေးကြေးရေး ထည့်တွက်စရာမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်သူနဲ့ ဒိတ်တိုင်း တစ်ယောက်ထဲကပဲ အမြဲတမ်း ငွေထုတ်နေရမယ်ဆိုရင် ငြိုငြင်စရာတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် မိန်းကလေးပဲဖြစ်စေ ယောကျာ်းလေးပဲဖြစ်စေ ဒိတ်လုပ်တဲ့အခါ ကုန်ကျတဲ့ ငွေပမဏကို နှစ်ယောက်မျှခံတာမျိုး ဒီတစ်ခါ သူက ဝယ်ကျွေးလိုက်ရင် နောက်တစ်ခါကျ ကိုယ်ကပြန်ဝယ်ကျွေးတာမျိုး လုပ်သင့်ပါတယ်။ မရှိအတူ ရှိအတူနေထိုင်မှသာ တည်ငြိမ်အေးချမ်းတဲ့ အချစ်ရေးပိုင်ဆိုင်နိုင်မှာပါ။