အချိန်အကြာကြီးတွဲလာတဲ့ Relationship တွေ ပြတ်စဲသွားရင် အရမ်းနှမြောဖို့ကောင်းပါတယ်။ Relationship တစ်ခုကို အချိန်ကြာကြာ တည်ဆောက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တချို့ကျတော့လည်း ပြတ်စဲလိုက်ကြပေမယ့် အပြီးပြတ်သွားတာမျိုးမဟုတ်ပဲ အချိန်ခဏယူပြီး ပြန်တွဲကြပါတယ်။ တချို့ကျတော့လည်း လုံးဝကိုပြန်မပက်သတ်နိုင်တော့တဲ့အထိ ပြတ်သွားကြတာပါ။ ဒီလို အချိန်အကြာကြီးတွဲလာတဲ့ Relationship တွေ ပြတ်စဲသွားရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဒီအရာတွေကြောင့် ဖြစ်တာများပါတယ်။

ဖောက်ပြန်ခြင်း

အချိန်အကြာကြီးတွဲလာတဲ့ Relationship တွေ ပြတ်စဲရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အဖြစ်များတာကတော့ ဖောက်ပြန်တဲ့ပြဿနာပါပဲ။ တချို့ကျတော့လည်း ဖောက်ပြန်ပေမယ့် ခွင့်လွှတ်ပေးပြီး တစ်ဖက်ကလည်း တောင်းပန်ပြီး မပြတ်တာမျိုးတွေ ရှိပါတယ်။ တချို့ကျတော့လည်း လုံးဝပြတ်စဲသွားပါတယ်။ အချိန်အကြာကြီး ဒီတစ်ယောက်ထဲနဲ့ပဲ ပတ်သက်လာရာကနေ အသစ်ကိုမက်မောတဲ့စိတ် ဖြစ်လာပြီး ဖောက်ပြန်ကြတာ များပါတယ်။

ယုံကြည်မှုပြဿနာ

တွဲတာကြာတော့ တစ်ယောက်နဲ့တစ်ယောက် ပိုသံယောဇဉ်ဖြစ်ပြီး မပြတ်နိုင်လို့ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ရန်ဖြစ်ပြီးလည်း ပြန်ချစ်နေကြတာ၊ ပြန်ပြေလည်နေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် သိတာကြာလာလေ ပိုပြီးတော့တောင် ယုံကြည်မှုရှိလာလေ ဖြစ်ရမှာပါ။ ဘယ်လောက်ပဲတွဲတာကြာကြာ ယုံကြည်မှုမရှိရင်တော့ တစ်နေ့ပြတ်စဲရတဲ့ အခြေအနေကို ရောက်သွားမှာပါပဲ။

Respect မရှိတော့ခြင်း

နှစ်တွေအများကြီးတွဲလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အတွင်းသိအဆင်းသိတွေဖြစ်ပြီး အရမ်းကိုရင်းနှီးလာတာ၊ ပြောမနာဆိုမနာဖြစ်လာတာ ဆိုပေမယ့်လည်း ချစ်သူရည်းစားဘဝမှာတင်မဟုတ်ပါဘူး ဘယ်လို Relationship မျိုးမှာပဲဖြစ်ဖြစ် ထားရှိရမယ့် Respect မရှိရင် အဆင်မပြေနိုင်ပါဘူး။ သည်းခံနိုင်တဲ့အချိန်အထိပဲ အဆင်ပြေနေပါလိမ့်မယ်။

လျစ်လျူရှုတာတွေများလာခြင်း

တွဲတာအရမ်းကြာလာရင် ရည်းစားဖြစ်ခါစတုန်းကလို ခဏခဏတွေ့တာ၊ နေ့တိုင်းဖုန်းဆက် စကားပြောတာ၊ ချစ်ကြည်နူးတာတွေ မရှိတော့တာမျိုး အဖြစ်များကြပါတယ်။ ဒီလိုတွေလုပ်မှ ချစ်တာမဟုတ်ဘူးဆိုတဲ့ စကားတွေနဲ့ လျစ်လျူရှုတာတွေများလာပြီး ပြဿနာတက်တာ၊ ပြတ်စဲတာတွေ ခဏခဏဖြစ်လာပါလိမ့်မယ်။ အဲ့လိုကနေ လမ်းခွဲလိုက်ရတဲ့ Relationship တွေ အများကြီးပါပဲ။

ငြီးငွေ့လာခြင်း

တွဲတာအရမ်းကြာလာတဲ့ Relationship တွေပြတ်စဲရခြင်း အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး နောက်တစ်ခုကတော့ ငြီးငွေ့လာတာပါပဲ။ မချစ်တော့တာမျိုးမဟုတ်ပေမယ့် ခဏခဏပြဿနာတွေတက်တာ၊ အကြောင်းအရာတစ်ခုထဲကြောင့်ပဲ ခဏခဏရန်ဖြစ်စကားများရတာ၊ ချုပ်ချယ်ခံရတာတွေ စတဲ့ပြဿနာတွေက အစပိုင်းမှာတော့ သည်းခံလာပေမယ့် သည်းမခံနိုင်တဲ့အချိန်ကို ရောက်သွားတဲ့အခါမှာတော့ အရမ်းစိတ်ပျက်ငြီးငွေ့ပြီး ဒီ Relationship ကို ရပ်လိုက်ချင်တဲ့စိတ်ကလွဲပြီး ဘာမှမရှိတော့တာမျိုးတွေ ဖြစ်လာကြပါတယ်။