ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာက ကိုယ်နဲ့ပဲ အများကြီးသက်ဆိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ဘဝမျိုးကို ပိုင်ဆိုင်ထားမှ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားတတ်ရင်လည်း ပျော်ရွှင်ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားနိုင်မယ့် ကောင်းမွန်သော အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

ပျော်ပျော်နေပါ

ပျော်ပျော်နေတတ်ရင်တော့ စိတ်ညစ်စရာရှိနေရင်တောင်မှ သူများလောက် စိတ်မညစ်ရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်သည်သာ အဓိကပါ။ အများကြီးမစဉ်းစားပဲ ကိုယ်ပျော်ရမယ့်အရာတွေ၊ ကိုယ်ပျော်မယ်၊ စိတ်ချမ်းသာမယ် ထင်တာတွေကိုသာ ရွေးလုပ်ပါ။ ကိုယ့်စိတ်ကို ပျော်အောင်ထားချင်တယ်ဆိုရင် ပျော်စရာတွေပဲတွေးပါ။ စိတ်ညစ်စရာတွေဆိုရင် ခေါင်းထဲက မြန်မြန်ထုတ်ပစ်ပါ။ စိတ်ညစ်စရာကို အကြာကြီးမတွေးပါနဲ့။

အမှန်တရားကိုလက်ခံပါ

ကိုယ်ဖြစ်နေတဲ့ ဖြစ်တည်မှု၊ အမှန်တရားတွေကို လက်မခံနိုင်ရင် ပူလောင်ရပါတယ်။ ကိုယ်ရထားတဲ့ လက်ရှိအခြေအနေကို လက်မခံနိုင်ဖြစ်ပြီး ဒါကိုပဲ မကျေမနပ်တွေဖြစ်၊ စိတ်ဆင်းရဲနေရင် ကိုယ်ပဲ ပူလောင်နေရမှာပါ။ ဒီတော့ လက်ရှိအခြေအနေကို လက်ခံပြီး စိတ်ပျော်အောင်နေပါ။ မကျေနပ်ရင် ပိုကောင်းအောင် ကြိုးစားပြီး ကိုယ်လိုချင်တဲ့အနေအထားထိ ရောက်လာအောင်လုပ်ဖို့က ကိုယ့်တာဝန်ပါပဲ။

ကိုယ့်ကိုယ်ကိုချစ်ပါ

တခြားသူထက် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။ ကိုယ့်အတွက် အမြဲတမ်းအကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကို ဘယ်လိုစိတ်ချမ်းသာအောင်၊ ပျော်အောင်ထားရမလဲသာ စဉ်းစားပါ။ ကိုယ့်ကိုယ်ကို မုန်းတီးနေရင် ဘယ်တော့မှ စိတ်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ

တစ်ခုခုဖြစ်ရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဖြစ်ပြီး စိတ်တိုနေတာမျိုး၊ ကိုယ့်ကိုယ်ကို အပြစ်ပေးတာမျိုးမလုပ်ပါနဲ့။ မှားနေရင် ပြန်ပြင်လို့ရပါတယ်။ ကိုယ်မှားခဲ့တာတွေကို ခွင့်မလွှတ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေရင်တော့ ပျော်ရွှင်မှုကို အပြည့်အဝခံစားရမှာ မဟုတ်ပါဘူး။

Toxic ဖြစ်တဲ့သူတွေနဲ့ဝေးဝေးနေပါ

ကိုယ့်စိတ်အမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာနေဖို့ဆိုရင် ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူတွေ၊ ကိုယ့်အတွက် Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးမှာနေပါ။

ကျန်းမာအောင်နေပါ

ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ကျန်းမာနေမှ ဖြစ်မှာပါ။ အရာရာပြည့်စုံနေပြီး ကျန်းမာရေးမကောင်းရင်လည်း အလကားပါပဲ။ ဒါကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာအောင် နေထိုင်ပါ။