အချစ်ရေးအချစ်ရာဆိုတာ ဘယ်တော့မှလွယ်ကူဖြောင့်တန်းတယ်မရှိပါဘူး။ ဒါပေမယ့်လည်း Relationship တစ်ခု ရေရှည်ပျော်ရွှင်ဖို့အတွက် သိထားသင့်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။ ဒီသင်ခန်းစာတွေကိုသာ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးမယ်ဆိုရင် ပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ Relationship တစ်ခု တည်ဆောက်နိုင်မှာပါ။

(၁) နားထောင်ခြင်းက အရေးပါပါတယ်

Photo: Shutterstock

စကားပြောကောင်းသူတစ်ယောက် ဖြစ်ခြင်းဟာ အရေးပါတဲ့ soft skill ပါ။ လူတော်တော်များများဟာ ကိုယ့်အသံကို ပြန်ကြားရတာကို ကျေနပ်နှစ်သိမ့်ကြပါတယ်။ ဒါပေမယ့် တစ်ဘက်လူရဲ့ အသံကို နားထောင်ပေးခြင်းရဲ့ အားက ပိုပြီး အရေးပါတဲ့ အချိန်တွေ ရှိပါတယ်။ ချစ်သူရည်းစားဘဝပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝပဲ ရောက်ရောက် အတူတူ ပြဿနာတွေ ဖြေရှင်းနေရချိန်မှာ ကိုယ့်ဇနီးမယား ၊ ရည်းစားချစ်သူရဲ့ စကားသံကို တကယ်နားလည်အောင် နားထောင်ပေးဖို့က ပိုပြီး အရေးပါသလို ထိရောက်မှုလည်း ရှိပါတယ်။ လူတစ်ယောက် ပြောချင်တာကို နားထောင်ပေးတယ်ဆိုတာ ကိုယ်သဘောမတူတဲ့ အရာကို ခေါင်းငြိမ့်လိုက်တာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်အကြောင်းတရားကို နားလည်ဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်သလို ပြဿနာ ဖြေရှင်းမှုတိုင်းအတွက် အမြဲမှန်ကန်သေချာတဲ့ သဘောတရားလည်း ဖြစ်ပါတယ်။

(၂) မျှတတဲ့ အမြင်ကို အခြေပြုပါ

Photo: Shutterstock

အဆင်မပြေလို့ ကတောက်ကဆ ဖြစ်ချိန်မှာလည်း နှစ်ဦးနှစ်ဖက် အခြေအနေကို ဟန်ချက်ညီညီ ရှုမြင်ဖြေရှင်းဖို့ လိုပါတယ်။ ကိုယ့်ခံစားချက်နဲ့ ကိုယ့်အမြင်ကိုပဲ ရှေ့တန်းတင်လွန်းရင်ပဲ ဖြစ်ဖြစ် ကိုယ်သာ အပြစ်သားဖြစ်ပြီး တစ်ဖက်လူ ဘယ်တော့မှ မမှားလို့ မြင်တာပဲ ဖြစ်ဖြစ် ဒီအမြင်နှစ်ခုလုံးဟာ တလွဲတွေပါပဲ ပြဿနာတစ်ခုကို ဝုန်းဒိုင်းကြဲ ရှင်းပစ်မယ်ဆိုတာ မျိုးထက် ခေါင်းအေးအေးထားပြီး နှစ်ဖက်စလုံး စိတ်သက်သာရာ ရမယ့် အချိန်တစ်ခုခု ရွေးပြီးမှ ဖြေရှင်းတာဟာ ရေရှည် နှစ်ဦးသားဆက်ဆံရေးကို ပိုပြီး သာယာပြေလည်စေမှာပါ။

(၃) အတိတ်က ကိစ္စတွေနဲ့ နှောင်ဖွဲ့မနေပါနဲ့

Photo: Shutterstock

လူတိုင်းမှာ မှောင်မည်းခဲ့တဲ့ ကာလတွေ ရှိပါတယ်။ ဘယ်တော့မှ အဖြူစင်ဆုံး လူသားတွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အားနည်းချက် ၊ ကိုယ့်အားနည်းချက် နှစ်ဖက်နှစ်ခွ လက်ခံတတ်တဲ့သူ ဖြစ်ဖို့က အရေးကြီးပါတယ်။ ကိုယ်ချစ်လို့ လက်တွဲတဲ့ မိန်းကလေးကို ကောင်းကောင်းဆိုးဆိုး ချစ်မြဲချစ်ဖို့ ကတိပြုပါ။ ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အကြောင်းပြချက်ကိုယ်စီနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

(၄) အချစ်ရေး သွေးမအေးအောင် ဖန်တီးပါ

Photo: Shutterstock

Relationship တစ်ခုဟာ 24/7 အမြဲပဲ ပျော်စရာ ရင်ခုန်ကြည်နူးစရာ အချစ်ဇာတ်လမ်းတစ်ပုဒ် မဖြစ်နိုင်ပါဘူး။ အဆင်မပြေတဲ့ ကာလတွေ ၊ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်း မဆိုင်ချင်လို့ ကျောပေးထားတဲ့ အချိန်တွေလည်း ရှိပါလိမ့်မယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ သက်တမ်းကြာတဲ့ အချစ်ခရီးကို ဖြတ်သန်းလာပြီဆိုရင် ငြီးငွေ့စရာတွေအတိနဲ့ စိတ်လှုပ်ရှားစရာမရှိတဲ့ ယန္တရားနေ့တွေနဲ့ လည်း ကြုံတတ်ပါတယ်။ ဒီလို နေ့တွေမှာ ချစ်စ ကြင်နာစ ဟိုအရင် ကာလတွေတုန်းကလို သူမကို ပြန်ဂရုစိုက်ပေးဖို့ လိုပါတယ်။စိတ်ကူးယဉ်ဆန်ဆန် ညစာစားပွဲတစ်ခု ဖန်တီးပြီး Date Night တစ်ည လုပ်ပေးပါ။ နှစ်ယောက်သား ခရီးလေး ဘာလေး ထွက် ၊ ပင်လယ်လေညင်းနဲ့ တောပန်းတောင်ပန်းလေးတွေဆီ သွားပြိး အတူတူ ပျော်ရွှင်ရယ်မောပြီး အသစ်တဖန်ဖြစ်တဲ့ ချစ်ခြင်းနဲ့ နိုးကြားတက်ကြွဖို့ အစီအစဉ်တွေ ဆွဲသင့်ပါတယ်။