အဆွေးသီချင်းတွေ နားထောင်ရင် စိတ်သက်သာရာရစေတယ်ဆိုတာ သိပြီးပြီလား။ ဝမ်းနည်းပူဆွေးနေချိန်မှာ အများစုဟာ သီချင်းတီးလုံးတွေထက် သီချင်းစာသားတွေကို ခံစားတတ်ကြပါတယ်။

အဲ့အတွက်ကိုယ့်ခံစားချက်နဲ့ ကိုက်ညီတဲ့သီချင်းလေးတွေကို နားထောင်ဖို့ စိတ်အားထက်သန်တတ်တာက အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန်းနေတာတစ်ခုကတော့ စစ်တမ်းတွေအရ ရှာဖွေတွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။

ဒါကတော့ စိတ်ကျနေတဲ့သူတွေအတွက် အဆွေးသီချင်းတွေက စိတ်သက်သာရာရစေတယ်ဆိုတဲ့ အချက်ပါပဲ။ သာမန်တွေးကြည့်ရင် ပိုစိတ်ညစ်စရာ ကောင်းမနေနိုင်ဘူးလားလို့ တွေးမိမှာပါ။ အဲ့အတွက်သိပ္ပံပညာရှင်တွေက ဘာကြောင့်ခုလိုရှာဖွေတွေ့ရှိရတာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ကိုယ့်ထက်ဒုက္ခတွေ့နေရသူတွေ ရှိသေးကြောင်း တွေးမိစေနိုင်လို့ပါ

စိတ်ပညာရှုထောင့်အနေနဲ့ ကိုယ့်ထပ်အခြေအနေဆိုးတဲ့သူတွေတွေ့ရရင် ငါ့အနေအထားလေးက တော်သေးပါလားဆိုပြီး စိတ်သက်သာရာရတတ်ကြပါတယ်။ အဲ့ဒါကို စိတ်ပညာအခေါ်ဝေါ်အရ Downward Social Comparison လို့ခေါ်ပြီး အဆွေးသီချင်းပါ အကြောင်းအရာများကြောင့် ကိုယ့်အနေအထားကို တန်ဖိုးထားတတ်လာပြီး စိတ်သက်သာရာရစေနိုင်တာပဲ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုပြန်မြင်နေရသလို စာသားနဲ့ထပ်တူ စီးမျော ခံစားနိုင်လို့ပါ

နောက်ထပ်စိတ်ပညာအရ တွေ့ရှိချက်ကတော့ ကိုယ့်ကိုယ်ကိုမှန်ထဲ ပြန်မြင်နေရသလို ခံစားရစေတဲ့သီချင်းတွေက စိတ်ကျနေသူတွေအတွက် သင့်တော်တယ်ဆိုတာပါပဲ။ ကိုယ့်ကိုအနားမှာ တစ်ယောက်ယောက်က ကြုံတွေ့နေရတာတွေကို နားလည်ပါတယ်ဆိုပြီး ပြောနေသယောင်ထင်မှတ်ခံစားရစေနိုင်လို့ပါ။

တစ်နည်းအားဖြင့် ကိုယ်ရင်ဖွင့်သမျှကို 100% နားလည်ပြီး နားထောင်ပေးမယ့်သူ အနားမှာရှိနေသလိုမျိုးပေါ့။

(၃) အတိတ်က ရွှေအိုရောင်နေ့စွဲတွေဆီ ပြန်လည်ခေါ်ဆောင်သွားပေးပါတယ်

ထူးခြားတဲ့အမှတ်တရလေးတွေနဲ့ သီချင်းတွေနဲ့က တစ်နည်းနည်းနဲ့ ဆက်နွယ်နေတတ်ပါတယ်။ ဥပမာ-First date အကြောင်းတို့ မိသားစုခံစားချက်တို့လို သီချင်းတွေပေါ့။ ပျော်စေမယ့်သီချင်းတွေတင်မကပဲ အဆွေးသီချင်းလေးတွေက အတိတ်ကို ပြန်လည်ခေါ်သွားပေးနိုင်ပြီး လွမ်းမောရတဲ့ခံစားချက်နဲ့ ထပ်တူကျနေတတ်လို့ပါပဲ။

(၄) ဟော်မုန်းအတက်အကျကို ထိန်းညှိပေးနိုင်တယ်

သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ အဆွေးသီချင်းတွေနားထောင်ခြင်းဟာ Prolactin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲ့ဟော်မုန်းဟာ ပူဆွေးနာကျည်းစရာတွေကို တိုက်ထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။

တစ်နည်းအားဖြင့် အဆွေးသီချင်းနဲ့အတူ ရင်ထဲကခံစားချက်တွေကို ဖောက်ထုတ်လိုက်ရသလို စီးမျောခံစားရင်း သီချင်းဆုံးတာနဲ့ အတူတူခံစားချက်တွေပါ သက်သာရာရသွားသလိုမျိုးပေါ့။