အားလုံးပဲ မင်္ဂလာပါ။ ချစ်သူစုံတွဲတွေက ချစ်သူသက်တမ်း ကြာမြင့်လာတာနဲ့အမျှ ချစ်စခင်စ ကြင်နာစတုန်းကလိုမျိုး တစ်ယောက်ကို တစ်ယောက် စိတ်ရှည်သည်းခံတတ်တာတွေ၊ ကြင်နာယုယတာတွေက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတယ်လို့ ခံစားရတတ်ပါတယ်။

သင်တို့နှစ်ယောက်ကြားမှာ အဲ့ဒီလို အေးတိအေးစက်ခံစားနေရပြီဆိုရင်တော့ အချစ်တွေကို တစ်ဖန်ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးဖို့ လိုအပ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့မသွားဘဲ အချစ်တွေ မလျော့သွားအောင်လို့ ဘယ်လိုပြုလုပ်ပေးရမလဲ။

စတွေ့တွေ့ချင်းတုန်းကလိုမျိုး ဒိတ်လုပ်ပါ

တွဲလာတာကြာလာပြီးမှ စတွေ့တုန်းကလို ပြန်ဒိတ်ရမှာက နည်းနည်းတော့ ကသိကအောက်နိုင်ပါလိမ့်မယ်။ တကယ်တော့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတာဝန်တွေက သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အေးတိအေးစက်ဖြစ်အောင် ပြုလုပ်နေတာပါ။ ဒါ့ကြောင့် အချိန်လေးနည်းနည်းပေးပြီး ချိန်းတွေ့တာတို့ ရုပ်ရှင်သွားကြည့်တာတို့ ပြုလုပ်ကြည့်ပါ။

ကိစ္စတစ်ခုကို အတူတူပြုလုပ်ကြည့်ပါ

Photo Source: www.guthriegreen.com

Gym အတူတူ သွားဆော့တာပဲဖြစ်ဖြစ်၊ သစ်ပင်အတူတူစိုက်ပျိုးတာပဲဖြစ်ဖြစ်၊ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးလို့ရမယ့် ကိစ္စလေးတွေကို ပြုလုပ်ပေးခြင်းအားဖြင့် သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ခိုင်မြဲလာအောင် ပြုလုပ်ပါ။

သူ့ဝါသနာ၊ ကိုယ့်ဝါသနာ မျှဝေပါ

Photo Source: www.womenstuff.co.za

သင့်ကောင်လေးက ငါးမျှားရတာကြိုက်တယ်၊ သင်က ဟင်းချက်ရတာ ကြိုက်တယ်ဆိုကြပါစို့။ သူ ငါးမျှားထွက်တဲ့အခါ သူနဲ့အတူတူလိုက်သွားပြီး ငါးမျှားပြီးရင် ဟင်းအတူတူချက်လိုက်တာ မကောင်းဘူးလား။ ဒီလိုလုပ်ခြင်းအားဖြင့် အမှတ်တရလေးတွေ၊ ပျော်ရွှင်စရာလေးတွေကို အတူတူဝေမျှလိုက်သလိုပါပဲ။

စွန့်စားမှုတစ်ခု အတူတူပြုလုပ်ပါ

Photo Source: www.tripsavvy.com

ပြင်းထန်တဲ့ အားကစားတစ်ခုခု၊ ဥပမာ လေထီးခုန်တာတို့၊ ကမ်းခြေသွားတဲ့အခါ အတူတူ ရေငုတ်တာမျိုးတွေ ပြုလုပ်ကြည့်ပါ။ အဲ့လို ပြင်းထန်တဲ့အားကစား မကြိုက်ဘူးဆိုလည်း ရိုလာကိုစတာ အတူတူစီးတာတို့ ပင်လယ်ဓားပြ စီးရင်း ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို အတူတူဖန်တီးလိုက်ပါ။

အားလပ်ရက်တွေကို အတူတူကုန်ဆုံးပါ

Photo Source: www.youworkforthem.com

ဆက်ဆံရေးတွေ အေးစက်သွားတာက တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ကြလို့ပါပဲ။ အချိန်မပေးတာကြာလာတဲ့အခါ အချိန်ပေးချင်စိတ်မရှိတော့ပါဘူး။ အဲ့ဒါကြောင့် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင် နေ့ချင်းပြန်ခရီးတိုလေးတွေ သွားတာတို့၊ ပျော်ပွဲစားထွက်တာတို့၊  ဒါမှမဟုတ် မုန့်အတူတူသွားစားတာ၊ ရုပ်ရှင်ကြည့်တာတို့ ပြုလုပ်နိုင်ပါတယ်။