လုပ်ငန်းခွင်မှာ တစ်ခုခုကြောင့် အဆင်မပြေလို့ ဒေါသထွက်တဲ့အခါ ဒေါသအတိုင်း ပြုမူလို့မရပါဘူး။ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်အောင် ကြိုးစားမှဖြစ်မှာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာဒေါသထွက်တဲ့အခါ ဒေါသကို အမြန်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

နားကြပ်တပ်ပြီးသီချင်းနားထောင်ပါ

အတွေးတွေရပ်သွားအောင်၊ တခြားသူရဲ့စကားတွေကို မကြားတော့အောင် နားကြပ်တပ်ပြီးသာ သီချင်းနားထောင်နေလိုက်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ဆက်လုပ်ရင်း နားကြပ်တပ် သီချင်းနားထောင်နေလည်း အဆင်ပြေပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အရာအားလုံးကို ခေါင်းထဲကခဏထုတ်ပြီး လုပ်လက်စတွေ အကုန်ရပ်၊ မျက်စိမှိတ်ပြီး အသက်ကို ဖြေးဖြေးချင်း ရှူသွင်းလိုက်၊ ရှူထုတ်လိုက် လုပ်ပေးပါ။ စိတ်ထဲကနေ ၁ ကနေ ၁၀ ဆိုနေတာမျိုး၊ ဒါမှမဟုတ်လည်း ဝင်တာ၊ ထွက်တာကို မှတ်နေတာမျိုး လုပ်ပေးပါ။

စကားမပြောပါနဲ့

ဒေါသထွက်နေချိန်မှာ စကားပြောရင် အမှားပါတာများပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စကားမပြောပဲ တိတ်ဆိတ်နေလိုက်ပါ။ ဒါဆိုရင် တစ်ဖြေးဖြေးနဲ့ စိတ်လည်းပြေလာပါလိမ့်မယ်။

အပြင်ခဏထွက်လိုက်ပါ

လုပ်ငန်းခွင်မှာဒေါသဖြစ်တဲ့အခါ ဒေါသမပေါက်ကွဲမိအောင် အပြင်ခဏထွက်ပြီး လေကောင်းလေသန့်ရှူတာ၊ ရေထသောက်တာ၊ ယောင်္ကျားလေးဆို ဆေးလိပ်ထွက်သောက်တာ စသဖြင့် လုပ်ကြည့်လိုက်ပါ။ အပြင်ခဏထွက်နေပြီး စိတ်လျှော့ချပြီးမှ လုပ်ငန်းခွင်ထဲ ပြန်ဝင်လာပါ။

ခဏအနားယူလိုက်ပါ

တစ်ခါတစ်လေကျရင် ဒေါသထွက်တဲ့အခါ အပေါ်မှာပြောခဲ့သလို နားကြပ်တပ်ပြီး အလုပ်လုပ်လည်း စိတ်ကို စုစည်းလို့မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ လုပ်လက်စတွေရပ်ပြီး ခဏအနားယူလိုက်ပါ။ စိတ်ပြေလောက်ပြီဆိုမှ အလုပ်ပြန်လုပ်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။