Glow ဖြစ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်ကြလို့ တစ်ခုမဟုတ် တစ်ခုကောင်းမလားဆိုပြီး Skincare ပစ္စည်းတွေ အမျိုးမျိုးပြောင်းသုံးနေကြတာလည်း မဟုတ်ပါလား။ မျက်နှာသစ်ဆေး၊ Moisturizers ၊ Masks ၊ အဆီဘူးတွေ စတဲ့ ပစ္စည်းအမျိုးမျိုးတွေကိုသုံးပြီး Skincare အဆင့်ဆင့်တွေနဲ့ အသားအရေထိန်းသိမ်းရတာလည်း အမောပါပဲ။

ဒါပေမယ့် အခုလိုမျိုး အလှကုန်ပစ္စည်းတွေကိုပဲ အသည်းအသန်အာရုံစိုက်ပြီး သုံးနေရင်းနဲ့ မျက်နှာသစ်ဖို့အတွက် အဓိကသုံးရတဲ့ ရေကိုတော့ လူအများစုမေ့သွားတတ်ကြပါတယ်။ ဒါဆိုရင်တော့ ရေကိုပဲ အဓိကအသုံးပြုပြီး မျက်နှာသစ်ခြင်းကနေ ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အသားအရေပိုမိုချောမွေ့လာတယ်

မျက်နှာသစ်ဆေးတွေက အသားအရေအလွှာပေါ်က သဘာဝအဆီတွေကို တဖြည်းဖြည်းချွတ်လိုက်သလိုဖြစ်တာမို့ အသားအရေကို ခြောက်သွေ့ယားယံမှုတွေဖြစ်လာစေပါတယ်။ အကယ်လို့ သင့်အသားအရေက တအားတင်းသလိုဖြစ်လာမယ် ဒါမှမဟုတ် နီရဲရဲဖြစ်လာမယ်ဆိုရင်တော့ မျက်နှာသစ်ဆေးသုံးတာခဏရပ်ထားပြီး ရေနဲ့ပဲမျက်နှာသစ်ကြည့်ပါ။

ဝက်ခြံပေါက်တာနည်းလာမယ်

မျက်နှာသစ်ဆေးတွေက မျက်နှာအဆီထွက်တာတွေကို သက်သာစေမယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့ ဆန့်ကျင်ဖက်တွေပါပဲ။ အသားအရေက ရေဓာတ်ခမ်းခြောက်လာပြီဆိုရင် အလိုအလျောက် အဆီတွေပိုထွက်လာကာ နောက်ဆက်တွဲအနေနဲ့ ဝက်ခြံတွေထွက်ပြီး ချွေးပေါက်တွေပိုကျယ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အဆီပြန်တတ်သူတွေအနေနဲ့ ရေအေးအေးနဲ့သာမျက်နှာသစ်ပေးမယ်ဆိုရင် အဆီထွက်တာသက်သာပြီး ရောင်ရမ်းခြင်းလည်း သက်သာစေမှာပါ။

အသားအရေပိုနုပျိုလာမယ်

ရေအေးက အသားအရေကိုညီညာစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ရေပူကိုသုံးတာက အသားအရေကိုပျက်စီးစေပြီး တခြားပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဆပ်ပြာတွေနဲ့ မျက်နှာသစ်ဆေးတွေမှာက အယ်လ်ကာလိုင်း (pH 9-11 ကြား) ပါဝင်လို့ အသားအရေကို တိုက်စားပစ်ကာ တင်းတင်းရင်းရင်းရှိမှုကို လျော့ကျစေလို့ အရေးအကြောင်းတွေကို ပိုပြီးစောစောဖြစ်စေပါလိမ့်မယ်။

ဓာတ်မတည့်တာတွေ သက်သာစေမယ်

Sensitive နဲ့ Allergic ဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် ကိုယ်နဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရှာတွေ့ဖို့ အင်မတန်ခက်ခဲလွန်းပါတယ်။ ကိုယ်နဲ့တည့်မတည့်ကို သိဖို့ကလည်း အသားအရေပေါ်တင်ပြီး စမ်းကြည့်လို့ရမယ့် နည်းတစ်နည်းပဲရှိပါတယ်။ တချို့မျက်နှာသစ်ဆေးတွေက ဓာတုဓာတ်မတည့်မှုတွေ၊ Allergic တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: BrightSide

By MyStyle Myanmar