ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ အားကစားလုပ်တယ်ဆိုရာမှာလည်း ငွေကုန်စေတဲ့အကြောင်းအရာတွေရှိပါတယ်။ ဒါဆို ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေကတော့ ကျန်းမာတဲ့လူနေမှုဘဝကို မပိုင်ဆိုင်တော့ဘူးလားလို့ တွေးမိကောင်းတွေးနိုင်ပါတယ်။ အဖြေကတော့ နိုးလို့ပြောရမှာပါ။

ငွေကုန်ကျခံနိုင်တဲ့သူတွေအနေနဲ့ ဈေးကြီးပေးရတဲ့ Gym တွေ အားကစားခန်းမတွေမှာ လေ့ကျင့်ခန်းလုပ်နိုင်ပေမယ့် ငွေကြေးအဆင်မပြေတဲ့ သူတွေလည်း အားကစားလုပ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) Tutorials တွေကြည့်ပါ

အင်တာနက်ရှိရုံနဲ့ YouTube မှာ အလကားကြည့်လို့ရတဲ့ Workout Tutorials အများကြီးရှိပါတယ်။ ဒီလို Workout Tutorials ဗီဒီယိုတွေကြည့်ပြီး အိမ်မှာကိုယ်တိုင်လိုက်လုပ်တာဟာ Personal Trainer တစ်ယောက် ကိုယ့်အနားမှာ အနီးကပ်သင်ပြနေသလို အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကိုယ်တိုင်မပျင်းမရိပဲ နေ့စဉ်ပုံမှန် ဗီဒီယိုတွေကြည့်ပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကုန်ကျစရိတ်လည်း သက်သာသလို ကျန်းမာတဲ့ခန္ဓာကိုယ်ကိုရရှိမှာပါ။

(၂) ပန်းခြံတွေကို အသုံးပြုပါ

အများပြည်သူတွေ အပန်းဖြေအနားယူနိုင်ဖို့ ပြုလုပ်ပေးထားတဲ့ ပန်းခြံတွေဟာ လေ့ကျင့်ခန်းလုပ်ချင်သူတွေအတွက် အကောင်းအားကစားရုံတစ်ခုလို့ ဆိုနိုင်ပါတယ်။ အခုနောက်ပိုင်း ပန်းခြံတွေဟာ လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် စက်ပစ္စည်းကိရိယာတွေလည်း ထားရှိပေးထားတဲ့အတွက် အလကား သွားရောက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလို စက်ပစ္စည်းကိရိယာတွေမရှိရင်လည်း အပြေးလေ့ကျင့်ခန်း လမ်းလျှောက်လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

(၃) စက်ဘီးနင်းပါ

စက်ဘီးစီးအားကစားနည်းဟာလည်း အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိစေမယ့် အားကစားနည်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးတစ်စီးရှိရုံနဲ့ မည်သည့်အချိန် မည်သည်နေရာမှာမဆို အားကစားလုပ်နိုင်မှာဖြစ်ပြီး ငွေကုန်ကြေးကျလည်း မများတဲ့ အားကစားနည်းတစ်ခုပါ။ အလုံပိတ်အခန်းထဲမှာ စက်ဘီးနင်းရတာထက် ပြင်ပမှာ စက်ဘီးနင်းရတာဟာ လေ့ကောင်းလေသန့်ရှုရှိုက်နိုင်သလို စိတ်ကိုလည်း အပြောင်းအလဲပိုဖြစ်စေပါတယ်။

(၄) အားကစားပစ္စည်းတွေဝယ်ပါ

လူအများစုဟာ အိမ်မှာအားကစားလုပ်ဖို့ သက်ဆိုင်တဲ့ Equipment တွေ မရှိတာကြောင့် Gym လိုအားကစားရုံတွေမှာ သွားပြီးဆော့ကြတာဖြစ်ပါတယ်။ တကယ်တော့ ပြေးစက်လို ဈေးကြီးပေးဝယ်ရတဲ့ စက်ပစ္စည်းတွေထက် ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရနိုင်မယ့် ခုန်ကြိုးတဲ့ ကြိုးတွေ အလေးတုံးတွေ ခါးလှည့်ကွင်း စသည်တဲ့ ပစ္စည်းတွေနဲ့လည်း အားကစားလုပ်လို့ရနိုင်ပါတယ်။ တစ်ခါတည်း အများကြီးဝယ်ဖို့မလိုပါဘူး။ တစ်လချင်း နည်းနည်းစီစုပြီး အိမ်မှာပဲကိုယ်ပိုင် Gym ရုံ အသေးစားလေးဖန်တီးနိုင်ပါတယ်။