လူတွေရဲ့ အသားအရေဟာ အတော်လေး အထိမခံ Sensitive ဖြစ်တဲ့ အခွံတစ်ခုဆိုလည်း မမှားပါဘူး။ ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ် သုံးလိုက်တဲ့ အလှကုန်ပစ္စည်း မှားလို့ပဲ ဖြစ်ဖြစ် နောက်ဆုံး ကိုယ့်ရဲ့ နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့်ပဲ ဖြစ်ဖြစ် အရေပြား နီရဲယားယံတာမျိုး ဖြစ်ဖို့ သိပ်လွယ်ပါတယ်။

အရေပြားနီရဲ ယားယံမှု ဖြစ်တတ်သူတွေ ရှိနိုင်တာကြောင့် သင့်အသားအရေကို ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) Lotion အစား Cream သုံးပါ

Cream သုံးတာနဲ့ Lotion သုံးတာက ရလဒ်မတူကြပါဘူး။ ခြောက်သွေ့ပြီး Sensitive ဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် Cream သုံးတာက အရေပြား အစိုဓါတ်ကို ပိုပြီး ကာကွယ်ထိန်းသိမ်းပေးနိုင်လို့ အဆင်ပြေပါတယ်။ Lotion ရဲ့ သဘောက ပုံမှန်အသားအရေပိုင်ရှင်တွေနဲ့ ကိုက်ပါတယ်။ Sunscreen သုံးမယ်ဆိုရင် ဇင့်နဲ့ တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ်ပါတဲ့ နေကာခရမ်မျိုး ဝယ်သုံးဖို့လည်း အကြံပေးချင်ပါတယ်။

(၂) ရေချိုးချိန်ကို ကန့်သတ်ပါ

တစ်နေ့ ကိုယ်ဘယ်လောက် ကြာအောင် ရေချိုးနေမိသလဲဆိုတာကလည်း အသားအရေနီရဲ ယားယံတဲ့အပေါ် သက်ရောက်မှု ရှိပါတယ်။ အရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ အကြံပြုတာကတော့ အကြာဆုံး ရေချိုးချိန်ဟာ ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်းပဲ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

၁၀ မိနစ်ထက် မကြာတဲ့ ရေချိုးမှုက အရေပြားသန့်ရှင်းဖို့နဲ့ ရေဓါတ်ဖြည့်တင်းပေးဖို့အတွက် လုံလောက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရေချိုးချိန် ကြာသွားရင် Overwash ဖြစ်သွားလို့ ခန္ဓာကိုယ်အရေပြားကို ကျန်းမာအောင် သဘာဝအတိုင်း ကာကွယ်ပေးထားတဲ့ Natural Oils တွေ ပါသွားပြီး ခန္ဓာကိုယ်မှာ အနီကွက်ထတာ ၊ ယားယံတာမျိုး ဖြစ်တတ်လို့ ဖြစ်ပါတယ်။

(၃) ရေမွှေးနံ့ပြင်းလွန်းတဲ့ အလှကုန်တွေ ရှောင်ပါ

ကိုယ့်အရေပြားက အလွယ်တကူ ယားယံတတ်တယ်ဆိုရင် ဆပ်ပြာနဲ့ Lotion တွေ သုံးမယ်ဆိုရင် အနံ့မပါတဲ့ Fragrance-Free အမျိုးအစား သုံးပါ။ အမွှေးနံ့မပါတဲ့ အလှကုန်တွေက ဓါတ်မတည့်တာ အဖြစ်နည်းစေလို့ ဖြစ်ပါတယ်။ အလှကုန်ဝယ်မယ်ဆိုရင် Unscented လို့ ရေးထားတာပါရင် သတိထားဖို့ပါ။ အဲဒီလို ထုတ်ကုန်တွေမှာ အရေပြားကို ယားယံစေနိုင်တဲ့ ဓါတုပစ္စည်းတွေ ပါတတ်လို့ ဖြစ်ပါတယ်။

(၄) ရေချိုး/မျက်နှာသစ်ပြီးတာနဲ့ Moisturizer လိမ်းပါ

Moisturizer သုံးဖို့ အကောင်းဆုံးအချိန်က သင့်အရေပြား အစိုဓါတ်ရှိနေတုန်းမှာ ဖြစ်ပါတယ်။ ရေချိုးပြီးခါစ အစိုဓါတ်ရှိနေချိန် Moisturizer သုံးပေးတာဟာ အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး အသားအရေ ယားယံတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။