ခန္ဓာကိုယ်မှာ အဆီတွေ အများဆုံးစုဝေးနေတက်တဲ့ နေရာကတော့ ဝမ်းဗိုက်ပါပဲ။ ဝမ်းဗိုက် အဆီပို တွေဟာ နေထိုင်မှုပုံစံနဲ့ အစားအသောက် အပေါ်များစွာ မူတည်နေပါတယ်။ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို လျော့ချဖို့ နည်းလမ်းများစွာ ရှိတဲ့အထဲကမှ ထိရောက်သေချာတဲ့ နည်းလမ်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) မနက်တိုင်း လမ်းလျှောက်ပါ

ဝမ်းဗိုက်အဆီတွေကျဖို့ လူတိုင်းလုပ်နိုင်တဲ့ လှုပ်လှုပ်ရှားရှား နည်းလမ်းတစ်ခုကတော့ လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်းပါပဲ။ နေ့စဉ် မနက်တိုင်း အချိန် နာရီဝက်လောက်ပေးပြီး လမ်းလျှောက်ဖြစ်မယ်ဆိုရင် ၄ ပတ်အတွင်း ဗိုက်အဆီတွေကျဖို့ အကူအညီ ဖြစ်စေပါတယ်။ ကြီးကြီးမားမား လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် ပုံမှန်လမ်းလျှောက်ပေးရုံနဲ့ ဝမ်းဗိုက်အဆီကို သိသိသာသာ လျှော့ကျစေမှာ ဖြစ်ပါတယ်။

(၂) အစားအသောက်ပုံစံ ပြောင်းလဲပါ

ညမအိပ်ခင် ဘာတွေ စားဖြစ်လဲဆိုတာက အရေးကြီးပါတယ်။ ညရောက်ရင် ပေါ့ပေါ့ပါးပါး စားတာက ခန္ဓာကိုယ်ကနေ ပိုလျှံအဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ညစာများများ စားလိုက်ပြီဆိုရင် အဆီများများ စုဝေးဖို့ ဖြစ်လာပါတယ်။ ဒါ့အပြင် အိပ်ရာဝင်ဖို့နဲ့ အနည်းဆုံး အချိန် ၂ နာရီကနေ ၃ နာရီ အနည်းဆုံးခွာပြီး စားပေးပါ။

(၃) Detox သောက်ပါ

ဝမ်းဗိုက်အဆီပိုတွေကျစေမယ့် အလွယ်အကူဆုံးနဲ့ ထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ Detox Water သောက်ခြင်းပဲ ဖြစ်ပါတယ်။ Detox Water ဟာ လတ်ဆတ်တဲ့ သဘာဝသစ်သီးတွေကို ရေနဲ့စိမ်ပြီး သောက်သုံးပေးရတာဖြစ်တဲ့အတွက် ကယ်လိုရီပါဝင်မှုအရမ်းကိုနည်းပြီး လျင်လျင်မြန်မြန်ပဲ အဆီပိုကျစေဖို့ကူညီပေးမှာ ဖြစ်ပါတယ်။

(၄) Workout လုပ်ပါ

ဝမ်းဗိုက်အဆီတွေ ကျချင်တယ်ဆိုရင်တော့ တစ်ပတ်ကို ၃ ရက် ကနေ ၅ ရက် ပုံမှန် Workout လုပ်ဖို့ လိုပါတယ်။ ဝမ်းဗိုက်အတွက် အဓိကကျတဲ့ လေ့ကျင့်ခန်းတွေကို ဦးစားပေးလုပ်ပါ။ တစ်ခုသတိထားရမှာက Workout နေချိန်မှာလည်း အစားအသောက် ၊ အနေအထိုင်ကို ဂရုစိုက်ပေးဖို့လို့ပါတယ်။ ဒါမှလည်း ဝမ်းဗိုက်အဆီတွေ ထိထိရောက်ရောက် ကျစေမှာပါ။

(၅) တစ်နေ့တာမှာ လှုပ်လှုပ်ရှားရှားနေပါ

အထိုင်များခြင်းနဲ့ လှုပ်ရှားမှုနည်းခြင်းဟာ ဝမ်းဗိုက်အဆီတွေရဲ့ အဓိက တရားခံပါပဲ။ ဒါကြောင့် တစ်နေ့တာမှာ လှုပ်ရှားမှုနည်းတဲ့ Lifestyle တစ်ခုကို ပြောင်းလဲဖို့ လိုပါတယ်။ အစားစားပြီးချင်း လှဲလျောင်းတာ ၊ ထိုင်တာ မျိုးရှောင်ကြဉ်ပါ။ နာရီဝက်လောက် ထိုင်ပြီး အလုပ်လုပ်ပြီးတာနဲ့ ၅ မိနစ်လောက် လမ်းလျှောက်ပါ။ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေပေးဖို့ အဓိက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။