အမျိုးသမီးအချို့ဟာ မွေးရာပါ ဆံလုံးသေးကြပါတယ်။ တချို့ကတော ခေါင်းလျှော်တဲ့ အကြိမ်အရေအတွက် နည်းပါးလွန်းတာကြောင့် အဆီထွက်တာများပြီး ဆံပင်ပါးကပ်ကပ်ဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဆံပင်အုံထူလာစေဖို့အတွက် ခေါင်းနောက်ပြန်ဖြီးခြင်း၊ ညလုံးပေါက် ကစ်ဆံမြီးကျစ်ထားခြင်း၊ ဆံပင်ကောက်စက်တွေ (သို့) ဆံပင်လိပ်တဲ့ဘီးတွေသုံးပြီး ဆံပင်လိပ်ခြင်းတွေလုပ်ဆောင်ကြပေမယ့် နာရီပိုင်းအနည်းငယ်လောက်ပဲခံပြီး ဆံပင်ကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။

ဆံပင်ကောက်စက်တွေ သုံးတာဟာ ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေတာကြောင့် ဆံပင်ကောက်စက်ရဲ့ အကူအညီမလိုဘဲ အုံထူတဲ့ ဆံကေသာကို ရရှိစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

– ဆံပင်ပုံပြောင်းခွဲပါ

ဆံပင်ကို အမြဲတမ်း တစ်ဖက်တည်းခွဲပေးတာဟာ ဆံပင်ပိုပြီး ပါးလာစေပါတယ်။ ဒါ့ကြောင့် ဆံပင်ကို ပုံပြောင်းခွဲကြည့်ပေးပါ။

– ဆံပင်ကို အလွှာလိုက်ညှပ်ပေးပါ

ဆံပင်ညှပ်ဆိုင်မှာ ဆံပင်သွားညှပ်တဲ့အခါ ဆံပင်ကို အလွှာလေးတွေအလိုက် လှပ်ပေးဖို့ပြောပါ။ အဲဒီလို အလွှာလေးတွေနဲ့ ညှပ်ပေးတာဟာ ဆံကေသာကို အုံထူတယ်လို့ ထင်ရစေတဲ့ အရိုးရှင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

– ပျော့ဆေးကို ဆံပင်အဖျားလေးမှာပဲသုံးပါ

ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေး သုံးတဲ့အခါ ဆံပင်အဖျားလေးတွေကိုပဲ သုံးပေးသင့်ပါတယ်။ ဦးရေပြားနဲ့ ဆံပင်အပေါ်ပိုင်းကို ထည့်ပေးမယ်ဆိုရင်တော့ ဆံပင်က ပါးကပ်ကပ်ကြီး ဖြစ်နေစေပါတယ်။ ဒါ့ကြောင့် ဆံပင်ပျော့ဆေးကို အဖျားလေးတွေမှာပဲ သုံးပေးသင့်ပါတယ်။

– ဆံပင်လေမှုတ်စက်နဲ့အခြောက်ခံတဲ့အခါ အပေါ်မှ အောက်ကို မှုတ်ပေးပါ (အပူချိန်ကိုလျှော့ပါ)

ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံတဲ့အခါ ခေါင်းကို ငိုက်စိုက်လိုက်ပြီး ဆံပင်ကို လေမှုတ်ပေးပါ။ ဒီလိုလုပ်တာဟာ ဆံပင်ကို အုံထူသလို ထင်ရစေမှာဖြစ်ပါတယ်။ ဒါပေမယ့် လေမှုတ်စက်ကိုတော့ အပူချိန် လျှော့ထားပါ။

ဆံပင်ပါးကပ်ကပ်ဖြစ်နေတဲ့ အမျိုးသမီးတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးခဲ့တာပါနော်။ အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေသုံးပြီး အုံထူတဲ့ ဆံကေသာကို အရယူလိုက်ရအောင်ပါ။