ရည်းစားဟောင်းဆိုတာလည်း တချိန်က ချစ်ခဲ့ဖူးတဲ့သူပါပဲ။ ဒါကို တချို့က ပြတ်သွားပြီဆိုရင် ရည်းစားဟောင်းရဲ့မကောင်းကြောင်းတွေ လျှောက်ပြောတတ်ကြတာ တွေ့ရပါတယ်။ ပြတ်သွားပြီဆိုထဲက ကိုယ်နဲ့လည်း မသက်ဆိုင်တော့တဲ့အတွက် ကိုယ့်ဘဝထဲ ထုတ်ပစ်လိုက်ရမှာပါ။ ဒါကိုပြန်တွေးနေစရာမလိုပါဘူး။ ဒါကြောင့် ပြတ်သွားတဲ့ရည်းစားဟောင်းတွေအပေါ်မှာ ဘယ်လိုစိတ်မျိုးထားသင့်လဲဆိုတာတွေကို ပြောပြပေးလိုက်ပါတယ်။

ရည်းစားနဲ့ပြတ်ပြီဆိုထဲက အကြောင်းတစ်ခုခုကြောင့်ပြတ်သွားတာပဲဖြစ်ဖြစ်၊ သူ့ဘက်က အကြောင်းပြချက်မရှိ ပြောင်းလဲပြီး လမ်းခွဲသွားတာပဲဖြစ်ဖြစ် ကိုယ့်ကိုထားခဲ့တာဖြစ်တဲ့အတွက် ပြန်တမ်းတနေစရာမလိုပါဘူး။ ဖြုတ်ချခဲ့တဲ့လက်ကို နောက်တစ်ခေါက်ထပ်ပြီး မဖမ်းဆုပ်ချင်ပါနဲ့။ ကိုယ်ပဲနာကျင်ရပါလိမ့်မယ်။ ဒါကြောင့် ပြတ်ပြီဆိုထဲက ကိုယ့်ဘဝထဲက ထုတ်နိုင်အောင်ပဲ ကြိုးစားလိုက်ပါ။

ပတ်သတ်ခဲ့ဖူးတဲ့အတိတ်တွေက ကောင်းခဲ့သည်ဖြစ်စေ၊ ဆိုးခဲ့သည်ဖြစ်စေ၊ ပျော်ရွှင်ခဲ့ရသည်ဖြစ်စေ၊ မပျော်ရွှင်ခဲ့ရသည်ဖြစ်စေ ပြန်တွေးပြီး ဝမ်းမနည်းပါနဲ့။ ပြန်ပြင်လို့မရတော့တဲ့ အတိတ်တွေနဲ့ ပြီးခဲ့တာတွေကို အတိတ်မှာပစ်ချခဲ့ပြီး ကိုယ့်အနာဂါတ်အတွက်ပဲ စဉ်းစားလိုက်ပါ။

ရည်းစားနဲ့ပြတ်ပြီဆိုထဲက မေ့နိုင်အောင်ကြိုးစားပြီး ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါ။ ဒါမှ ကိုယ်လည်းခံစားရတာသက်သာစေမှာပါ။ ကိုယ့်အတွက်လည်းအကျိုးရှိသလို၊ သူ့အတွက်လည်း အနှောင့်အယှက်မဖြစ်စေတော့ဘူးလေ။

ကိုယ့်အနေနဲ့ ရည်းစားဟောင်းကို သတိရလို့ ပြန်တွေးလိုက်တိုင်းမှာလည်း ပျော်စရာတွနဲ့ပြည့်နှက်နေခဲ့တယ်ဆိုရင်တော့ ပြန်တွေးရတာတန်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြန်တွေးလိုက်တိုင်း နာကျင်စရာတွေချည်းပဲဆိုရင်တော့ ပြန်တွေးရတာ အချိန်ကုန်တာပဲရှိပါမယ်။ လူတစ်ယောက်ကိုမေ့ဖို့ဆိုတာ ကိုယ့်စိတ်နဲ့ အချိန်ပဲလိုပါတယ်။ အချိန်ကြာလာတဲ့အခါ ရင့်ကျက်လာတဲ့အခါမှာ ဒီအကြောင်းတွေက ပြန်တွေးကြည့်ရင် ဟာသတစ်ခုလိုပါပဲ။

တချို့လူတွေက မှားနေပေမယ့်လည်း အပြစ်ကိုဝန်ခံဖို့သတ္တိမရှိသလို၊ တောင်းပန်ဖို့လည်းစိတ်မရှိပါဘူး။ တောင်းပန်ခဲ့ရင်လည်း တောင်းပန်တာကို လက်ခံပေးပြီး မတောင်းပန်ခဲ့ရင်လည်း တောင်းပန်တာခံရဖို့ကို မျှော်လင့်မနေပါနဲ့။ ကိုယ့်အပေါ်မကောင်းခဲ့လည်း ကိုယ်ကောင်းခဲ့တာပဲဆိုပြီး တွေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကမှန်ရင် အရာရာအဆင်ပြေသွားမှာပါ။ ရည်းစားဟောင်းကို မုန်းလည်းမမုန်းပဲ ဒီတိုင်းလေး ဘဝထဲက ဆွဲထုတ်လိုက်ပါ။ သင့်စိတ်ချမ်းသာရာကို ရပါလိမ့်မယ်။

Photo Source: www.pexels.com