ရုံးပိတ်ရက်နည်းနည်း ရပြီဆိုတာနဲ့ ဘယ်မှမသွားဘဲ အိမ်တွင်းပဲ အောင်းနေမယ်ဆိုရင်တော့ ဘဝကြီးက ပျင်းစရာကောင်းမှာ အသေအချာပါပဲ။ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ ပိတ်ရက်မှာ ခရီးသွားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားရောက်သင့်ပါတယ်။

ထားဝယ်

ကမ်းခြေပေါင်း (၃၀) ကျော် ပိုင်ဆိုင်ထားတဲ့ မြို့လေးကတော့ ထားဝယ်မြို့ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားက ကမ်းခြေတွေဆီ သွားမလည်ခင် ကိုယ့်နိုင်ငံထဲက ကမ်းခြေတွေဆီ အရင်ဦးဆုံး သွားလည်သင့်ပါတယ်။ ထားဝယ်ဟာ အာဆီယံ အမှိုက်ကင်းစင်ဆုံးဆုရထားတဲ့အတွက်ကြောင့် သွားလည်တဲ့အခါမှာလည်း ထိုဆုကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လုပါတယ်။

ငပလီ

ငပလီသည်လည်း ကမ်းခြေချစ်သူများအကြား ရေပန်းစားတဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။ ပိတ်ရက်အတွင်းမှာ ငပလီဆီသို့ ခရီးသွားမယ်ဆိုရင်တော့ ဘိုကင်ကြိုတင်ထားကာမှ စိတ်ချရမှာနော်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်သူများအတွက်လည်း လှပတဲ့ ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

ပုဂံ-ပုပ္ပါး

ပုပ္ပါးက စံကားဝါတွေက သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ ဝါဝါထိန်ထိန်ဖြင့် အစွမ်းကုန်ပွင့်လန်းနေတဲ့ စံကားဝါပင်များကို နောက်ခံထားပြီး ဓာတ်ဖမ်းလို့လည်း ရပါသေးတယ်။ ပုပ္ပါးမှာ လည်ပတ်ပြီးတဲ့အခါ နောက်တစ်ရက်ကျရင် ပုဂံမြို့အနှံ့ ဆက်လက် လည်ပတ်နိုင်ပါသေးတယ်။ ဘုရားပုထိုးစေတီ အများအပြားက မြန်မာ့ရိုးရာကို ပြန်လည်တွေးမျှော်နိုင်အောင် ခံစားမိစေပါလိမ့်မယ်။

ဘားအံ

ကရင်ပြည်နယ်က ဘားအံမြို့သည်လည်း ရန်ကုန်ကနေ သွားမယ်ဆို နီးနီးလေးပါပဲ။ လမ်းတွေလည်း ကောင်းတော့ လမ်းကြမ်းတာတွေ၊ ခရီးပန်းတာတွေကို ကြောက်နေစရာမလိုတော့ပါဘူး။ ဘားအံကို ရောက်ပြီဆို သွားလည်စရာတွေကလည်း အများကြီးပါပဲ။ ဘုရင့်ညီဂူနဲ့ ရေပူစမ်း၊ မဟာဆဒ္ဒန် လိုဏ်ဂူတော်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကျောက်ကလပ်စတီ၊ ကန်သာယာ စသဖြင့် အများအပြားရှိပါတယ်။ ဇွဲကပင်တောင် တက်မယ်ဆိုရင်တော့ ပူအိုက်တဲ့ ရာသီဥတုဒဏ်ကို အံ့တုပြီးတော့ တက်ရပါလိမ့်မယ်။

တောင်ကြီး – အင်းလေး

ဒီနေရာ သုံးနေရာကတော့ တကယ့်ကို လက်မလွတ်သင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ တောင်ကြီးမြို့ထဲမှာတင် လည်ပတ်စရာတွေက အများကြီးပဲရှိပါတယ်။ ရာသီဥတုကလည်း ရန်ကုန်မှာလို ပူလောင်အိုက်စက်မှာ မဟုတ်ပါဘူး။ တောင်ကြီးမှာ တစ်ရက်၊ နှစ်ရက်လောက် လည်ပတ်ပြီးတဲ့အခါ နောက်ရက်ကျရင် အင်းလေးသွားပြီး ဘုရားဖူးနိုင်ပါသေးတယ်။ တောင်ကြီးသွားနေစဥ် လမ်းတစ်လျှောက်မှာလည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာအများကြီးရှိတာကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် ကွက်တိပဲပေါ့။