အားလုံးနဲ့အဝေးကိုပဲ ထွက်သွားချင်နေပြီလား။ တစ်ယောက်တည်းဘဝက ငြီးငွေ့စရာကောင်းလွန်းပါတယ်။ တစ်နေ့ပြီး တစ်နေ့ အသစ်မရှိတဲ့ ဘဝလေးထဲမှာပဲ လှုပ်ရင်းရှားရင်း ထိုင်ရင်းထရင်းနဲ့ နေရတာ ကြာနေပြီလား။ ဒီလိုဘဝကနေ ခုန်ထွက်ဖို့အတွက် နည်းလမ်းသစ်တွေ သုံးဖို့လိုပါတယ်။

အပြောင်းအလဲလုပ်ဖို့ လိုနေတဲ့အချိန်မှာ နေရာသစ်တစ်ခုကို သွားကြည့်တာက တကယ်အသုံးဝင်တဲ့ အိုင်ဒီယာပါ။ ငယ်ငယ်ကလို ကိုယ့်ပတ်ဝန်းကျင်က သဘာဝတရားကြီးကို စိတ်အားထက်ထက်သန်သန် စောင့်ကြည့်ခဲ့သလိုမျိုး နေရာသစ်မှာ စိတ်ကိုနှစ်ပြီး ပျော်အောင် နေလိုက်ပါ။ တောတောင် ရေမြေနဲ့ သဘာဝတရားတို့ ကြီးစိုးတဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာမျိုးက ကိုယ့်ရဲ့စိတ်တွေ ပြန်လည်ဆန်းသစ်လာစေပါလိမ့်မယ်။

စိတ်ဓါတ်ကျတယ် ၊ ပျင်းရိငြီးငွေ့တယ်ဆိုရင် ကိုယ်မျှော်မှန်းထားတဲ့ အနာဂါတ်ကို ခေါင်းမော့ကြည့်တတ်ပါစေ။ ဒီအတွက် ကိုယ့်အတွေးကိုလည်း အမြင့်မှာ တင်ထားပါ။ စိတ်လေတိုင်းလည်း ကိုယ့်ကိုယ်ကို တည့်မတ်ပေးမယ့် အရာတစ်ခုခု ရှိထားမယ်ဆိုရင် အမြန်သက်သာစေပါလိမ့်မယ်။

ဖုန်းပဲ တစ်ချိန်လုံးသုံးပြီး လေလှိုင်းပေါ်ကနေ ဆက်သွယ်တာထက်စာရင် တကယ့်လူသားတွေနဲ့ စကားပြောပါ။ ဆွေးနွေးပါ။ သူတို့နဲ့ ကိုယ်အကြား ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ။ လူတွေနဲ့ စကားပြောခြင်းဟာ တစ်ခါတစ်လေမှာ စိတ်ပျက်စရာ ရှိကောင်းရှိနိုင်ပေမယ့် သူတို့တွေနဲ့ဆက်ဆံရလို့ပဲ ကိုယ့်ဘဝဟာ ပိုပြီး အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။

အပြင်ကို တစ်ယောက်တည်း ထွက်တတ်တဲ့ အကျင့်ရှိတာလည်း ကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ့်မှာစိုးရိမ်ရမယ့် လူရှိတာကိုက ဖိအားဖြစ်နေပါတယ်။ နေရာအပြောင်းအလဲလုပ် ၊ စိတ်ကို ရှင်းအောင်ထားပြီး အေးဆေးစကားပြောလို့ရမယ့် သူငယ်ချင်းတွေဆီ သွားတွေ့ပါ။ ဒါမှမဟုတ် အဖော်မခေါ်ဘဲ ဘားကို သွားတာတို့ ၊ ရုပ်ရှင်ကို တစ်ယောက်တည်း သွားကြည့်တာတို့ လုပ်ကြည့်ပါ။

တစ်ချို့သူတွေရဲ့ သဘောထားအမြင်တွေကို ဥပေက္ခာပြုတတ်ပါစေ။ တကယ့်ဘဝကို မောင်းနှင်နေတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အားနည်းမှုတွေကို သိဖို့အတွက်တော့ အပြင်က အသံတွေကို စစ်ထုတ်ပြီး ရယူတတ်ဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အကြောင်း ကိုယ်သိအောင် လုပ်နေတဲ့ သူတွေအတွက် လူတိုင်းရဲ့ အသံနဲ့ထင်မြင်ဝေဖန်မှုကို ဂရုစိုက်စရာ မလိုပါဘူး။