မင်္ဂလာပါနော်။ အသက် ၂၅ ဆိုတာ ဆယ်ကျော်သက်ဆိုတဲ့ကာလတစ်ခုကို ကျော်လွန်သွားခဲ့သလို အသားအရေတွေကလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲစပြုလာပါပြီနော်။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို လုပ်ကိုင်နေပြီး သင့်အနေနဲ့လည်း ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီလို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် အသားအရေကိုလည်း ပိုပြီးဂရုစိုက်ပြီး သက်ရှည်ကျန်းမာအောင် နေထိုင်သင့်ပြီဖြစ်တဲ့အတွက် ကိုယ်ငယ်ငယ်က သုံးခဲ့တဲ့အလှကုန်ပစ္စည်းတွေကို စွဲပြီးသုံးနေတာမျိုးမဟုတ်ဘဲ ပြောင်းလဲသုံးဖို့ အသားအရေက တောင်းဆိုလာပါပြီ။
အသက် ၃၀ နောက်ပိုင်းမှာလည်း အသားအရေ နုပျိုလှပနေပြီး အရွယ်တင်စေဖို့ အသက် ၂၅ ဝန်းကျင်ဆိုတာ အသားအရေထိန်းသိမ်းဖို့ အကောင်းဆုံးအချိန်တစ်ခုလည်း ဖြစ်ပါတယ်။
ကျန်းမာတဲ့ဘဝနေထိုင်မှုကို ရွေးချယ်ပါ
သင့်ရဲ့ နေ့စဉ် လူနေမှု ပုံစံဟာ သိပ်ကိုအရေးကြီးပါတယ်နော်။ မကျန်းမာဘူးဆိုရင်တော့ သင့်ရဲ့ အသားအရေလည်း လှပမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အသက် ၂၅ ဝန်းကျင်မှာ အဆီလျှော့စားပြီး ရေများများသောက်ပေးပါ။ မနက်စောစောထပါ။ ညစောစောအိပ်ပါ။ အိပ်ရေးဝဝအိပ်စက်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ယာထဲမဝင်ခင် ရေနွေးလေးနဲ့ သက်သောင့်သက်သာရေချိုးပါ။
မျက်နှာကို Double Cleansingလုပ်ပေးပါ
အသားအရေကို သေချာလေး သန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်လာပါပြီနော်။ အိပ်ယာမဝင်ခင် မျက်နှာကိုသန့်စင်အောင် နှစ်ကြိမ်သစ်ပေးဖို့ မမေ့ပါနဲ့။ အသားအရေ ခြောက်တာအတွက် နို့ပါတဲ့ ခရင်မ်၊ အသားအရေ အဆီပြန်တာအတွက် အဆီပါဝင်မှုနည်းတဲ့ ခရင်မ်၊ ပေါင်းစပ်အသာအရေအတွက် ဆိုရင်လည်း ပေါင်းစပ်အသားအရေအတွက်ထုတ်ထားတဲ့ မျက်နှာသစ်ခရင်မ်သုံးပေးပါ။
ကြေးချွတ်ပေးပါ
သင့်အသားအရေကို ၂ ပတ် တစ်ကြိမ်လောက် ကြေးချွတ်ပေးဖို့ လိုအပ်ပါတယ်။ သကြား၊ ပျားရည်နဲ့ ရောပြီး ကြေးချွတ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရွှံ့စေးနဲ့လည်း ကြေးချွတ်ပေးလို့ရပါတယ်။
အရေးကြောင်းကာကွယ်ပေးတဲ့ Moisturizerသုံးပေးဖို့ မမေ့ပါနဲ့
အသားအရေကို သန့်စင်ပြီးရင် အရေးအကြောင်းကာကွယ်ပေးတဲ့ Moisturizer သုံးပေးဖို့လိုပါတယ်။ အသက် ၂၅ ဆိုတာ အသားအရေလည်း ပြောင်းလဲလာပြီမို့ အရေးကြောင်းကို မဖြစ်မနေကာကွယ်ပေးဖို့လိုပါတယ်။
သင့်အသားအရေကို နေရောင်ခြည်နဲ့ ဖုန်တွေ ထိတွေ့မှုမှ ကာကွယ်ပါ
အသားအရေကို နေလောင်ဒဏ်မှကာကွယ်နိုင်ဖို့ အပြင်ထွက်တဲ့အချိန်မှာရော အိမ်မှာနေတဲ့အချိန်တွေမှာပါ Sunscreenလိမ်းပေးဖို့ မမေ့ပါနဲ့။ UV ပါတဲ့ Lotion ပုံမှန်လိမ်းပေးဖို့လည်း မမေ့သင့်ပါဘူး။ ဒါ့အပြင် အသားအရေစိုပြေစေတဲ့အစားအစာတွေ စားပေးပါ။
စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်အောင်နေပါ
စိတ်ပျို ကိုယ်နုဆိုတဲ့ စကားပုံတောင်ရှိပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ဖိစီးမှုကင်းအောင်နေပြီး ပျော်အောင်နေပါ။ ပြုံးပါ။