Hello..MyStyle Myanmar အလှပဂေးလေးတို့ရေ…အသားအရေကိုထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာ နည်းလမ်းတကျမှန်ကန်နေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသားအရေချင်းမတူညီတာကြောင့် ပြုလုပ်ရတဲ့ Skin Care တွေကလည်း ကွာသွားနိုင်တာပေါ့။ အဲ့ဒီအထဲကမှ အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်လေးတွေကတော့ ကိုယ့်ရဲ့အသားအရေလေး ကြည်လင်လှပနေစေဖို့ Skincare လုပ်တဲ့အခါ ပိုပြီးဂရုတစိုက်ထိန်းသိမ်းပေးသင့်တယ်နော်။

ပုံမှန်အသားအရေဆိုတာကတော့ မျက်နှာအသားအရေပေါ်မှာ ဘာပြဿနာမှမရှိနေတဲ့အသားအရေမျိုးပေါ့။ ဝက်ခြံမဖြစ်လွယ်ပဲ ပုံမှန်တိုင်းပဲလှပနေတဲ့ အသားအရေမျိုးပါ။ ဒီလိုမျိုးကောင်းမွန်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေမှာလည်း Skin Care ဆိုတာကိုလိုအပ်တယ်နော်။ အခုနောက်ပိုင်းမှာ Rose Water တွေလည်း ခေတ်စားလာတော့ မနက်ပိုင်းမှာ အသားအရေလေးစိုပြေနေအောင် Rose Water လေးကိုဖြန်းပေးလိုက်ပါ။

မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ပစ္စည်းမျိုးကိုပဲ သုံးပေးပြီး မိတ်ကပ်လိမ်းပြီးသွားရင်လည်း အိပ်ခါနီးမှာ ပြန်ဖျက်ပေးဖို့မမေ့ပါနဲ့။ တစ်ပတ်မှာလည်းတစ်ခါလောက် ကြက်ဥနဲ့ဒိန်ချဉ်ကိုရောပြီး မျက်နှာပေါ်မှာပေါင်းတင်ပေးမယ်ဆိုရင်လည်း သင့်အသားအရေကို ထိန်းသိမ်းထားပြီးသားဖြစ်မှာပါ။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေက ပိုပြီးတော့အသားအရေဂရုစိုက်မှုတွေကို လုပ်ပေးသင့်ပါတယ်။ အသားအရေတွေက ခြောက်သွေ့နေရင် နေရထိုင်ရခက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အရေးအကြောင်းဖြစ်လွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသားအရေခြောက်သွေ့တဲ့သူတွေက မျက်နှာကိုသဘာဝပစ္စည်းလေးတွေနဲ့ပဲ အသုံးပြုပေးသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း ရေနွေးနဲ့သစ်ပေးတာမျိုးတွေကို ရှောင်သင့်တယ်နော်။ မျက်နှာသစ်ဆေးကိုလည်း Milk ပါတဲ့မျက်နှာသစ်ဆေးမျိုးကို အသုံးပြုဖို့ပိုပြီးတော့သင့်တော်ပါတယ်။

အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေကတော့ ဝက်ခြံထွက်တာများပါတယ်။ အဓိကလုပ်သင့်တာကတော့ အဆီပြန်တာတွေကို လျော့နည်းသွားစေဖို့နဲ့၊ ဝက်ခြံတွေမထွက်အောင်လုပ်ဖို့ကအရေးကြီးပါတယ်။ ပုံမှန်ဆိုရင် တစ်နေ့ကိုနှစ်ကြိမ်လောက်မျက်နှာသစ်ပေးသင့်တယ်ဆိုရင် အဆီပြန်တတ်တဲ့သူတွေကတော့ တစ်နေ့ကို ၃ ကြိမ်လောက်မျက်နှာသစ်ပေးသင့်ပါတယ်။

အပြင်တွေသွား၊ ရုံးသွားနေရတဲ့သူတွေဆိုရင်တော့ အဆီစုတ်တဲ့စက္ကူလေးနဲ့ မျက်နှာရှိနေတဲ့အဆီတွေကို ဖယ်ရှားပေးသင့်တယ်နော်။ အဆီပြန်တဲ့သူတွေအတွက်သုံးပေးသင့်တဲ့ Face Mask တွေကတော့ အသားအရေကိုရေဓာတ်ခမ်းစေတဲ့ ရွံ့စေး၊ နာနတ်သီး နဲ့ ဒိန်ချဉ်တို့လိုမျိုး အရာတွေကိုပဲ ရွေးပြီးတော့သုံးသင့်ပါတယ်။ အစားအသောက်စားတဲ့အခါမှာလည်း ဝက်ခြံတွေကိုလျော့နည်းစေဖို့ အငန်ဓာတ်ပါတာတွေကို လျော့ပြီးစားသင့်တယ်နော်။

ဒီလောက်ဆိုရင်တော့ ပျိုမေတို့ရဲ့အသားအရေနဲ့ လိုက်ဖက်တဲ့ Skin Care ကိုဘယ်လိုမျိုးလုပ်ရမယ်ဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ Skin Care လုပ်တယ်ဆိုတာက ကိုယ်အသားအရေမျိုးနဲ့ လိုက်ဖက်တာကိုပဲ လုပ်ပေးမှထိရောက်မှုလည်းရှိမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့လည်း ကိုယ်နဲ့လိုက်ဖက်တဲ့ Skin Care မျိုးကိုရွေးပြီးလုပ်ကြည့်ပါနော်။