ဒီတစ်ပတ်ရဲ့ Weekend မှာ ဘာတွေလုပ်မယ် ဘယ်လိုအပန်းဖြေအနားယူမယ်ဆိုတာ Plan ဆွဲပြီးကြပြီလား။ မရှိသေးဘူးဆိုရင်တော့ Weekend ကို အကောင်းဆုံးဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတစ်ခု ပြောပြချင်ပါတယ်။

ဒီရက်ပိုင်းက မိုးလေအုံ့မှိုင်းပြီး ချမ်းစိမ့်စိမ့် ရာသီဥတုလေးဖြစ်တာကြောင့် အပြင်သွားတာထက် ကိုယ့်အခန်းလေးထဲမှာပဲ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေကြည့်ပြီး အပန်းဖြေခြင်းက ပြီးပြည့်စုံတဲ့ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အလွမ်းဓာတ်ခံ မိုးရာသီရဲ့ အငွေ့အသက်တွေနဲ့ လိုက်ဖက်တဲ့ Romance Drama အချစ်ဇာတ်ကားကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ Weekend မှာ Chill လို့အကောင်းဆုံး ရုပ်ရှင်ကားကောင်းလေးနဲ့ အပြည့်အဝအနားယူလိုက်ပါ။

1. Forever my girl

ဒီကားလေးကတော့ ၂၀၁၈ မှာ ထွက်ရှိထားတဲ့ ဒရမ်မာအမျိုးအစားလေးပါ။ Country သီချင်းတွေနဲ့ နာမည်ရလာတဲ့ အဆိုတော်လီယမ်တစ်ယောက်ဟာ အောင်မြင်မှုတွေအတွက် သူအရမ်းချစ်ရတဲ့ ချစ်သူကာင်မလေးနဲ့ ဇာတိမြို့ကို စွန့်ခွာခဲ့ရပါတယ်။

ဒါပေမယ့် ဖုန်းအဟောင်းလေးထဲက သူ့ချစ်သူကောင်မလေးရဲ့ Voice Message လေးကို နေ့တိုင်းနားထောင်ရင်း အလွမ်းတွေနဲ့ ရှေ့ဆက်နေရတာ ရှစ်နှစ်ကြာပြီးနောက်မှာ လီယမ်တစ်ယောက် ငယ်သူငယ်ချင်းအသုဘအတွက် နယ်မြို့လေးကိုပြန်လာရင်း ငယ်ချစ်နဲ့ပြန်ဆုံကြပါတယ်။

လီယမ်တစ်ယောက် တချိန်လုံးတမ်းတနေရတဲ့ ငယ်ချစ်ဦးရဲ့အချစ်ကို ပြန်ရဖို့ကြိုးစားပြန်ပါတယ်။ သူ့ရဲ့ကြိုးစားမှုတွေ အောင်မြင်မှာလား။

ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုမှာ ဘယ်အရာက ဘဝအတွက် ပိုအနှစ်သာရရှိစေနိုင်မလဲ စတာတွေကို Romantic ဆန်ဆန် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

2.The Notebook

ဒီဇာတ်ကားလေးကတော့၂၀၀၄ မှာ ထွက်ရှိခဲ့ပြီး “Old but gold”လို့ ပြောရင်မမှားနိုင်လောက်အောင် အခါခါကြည့်လဲ မရိုးနိုင်တဲ့ ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ၁၉၄၀ ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခေတ်နောက်ပြန်ပုံဖော်ထားပါတယ်။

Noah နဲ့ Allie လို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် ကောလိပ်မစခင် နွေရာသီတစ်ခုမှာ ဆုံတွေ့ကြရင်း လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပါတယ်။

ဒါပေမယ့် မျိုးရိုးအဆင့်တန်းမြင့်တဲ့ Allie ရဲ့မိဘတွေက Noah လို သစ်ခွဲသမားလေးနဲ့ သဘောမတူနိုင်လို့ Allie ကို မြို့ကိုပို့ပြီး ခွဲလိုက်ကြတယ်။

အချစ်ဦးမြေးဦးထိ မမေ့ဆိုသလိုပဲ Noah တစ်ယောက် ချစ်သူနဲ့အတူနေဖို့ ရည်စူးခဲ့တဲ့ အိမ်လေးကို သူ့ချစ်သူကောင်မလေး ပြောခဲ့တဲ့အတိုင်းပြင်ဆင်ရင်း တနေ့ပြန်လာမယ် ယုံကြည်ပြီး စောင့်နေခဲ့ချိန်မှာ တခြားသူနဲ့စေ့စပ်ဖို့ ပြင်ဆင်ပြီးသလောက်ဖြစ်နေတဲ့ Allie ။

သူတို့နှစ်ဦးရဲ့ အချစ်တွေကနွေဦးအိပ်မက်တစ်ခု အဖြစ်နဲ့ပဲ ပြီးဆုံးသွားမှာလား။ Noah ရဲ့ မျော်လင့်ချက်တွေ တကယ်ပဲ ပြည့်သွားမလား ဆိုတာ ဝိရောဓိဆန်ဆန်အချစ်ရဲ့ နက်နဲသိမ်မွေ့မှုနဲ့အတူ ခံစားရမှာပါ။

3.The fault in our stars

ဒီဇာတ်ကားလေးကလည်း၂၀၁၄ မှာ ထွက်ရှိခဲ့ပြီး IMDp 7.8 ထိရခဲ့တဲ့ Romance Drama ဇာတ်ကားလေးပါ။ ကင်ဆာရောဂါသည် ကောင်မလေးဟေဇယ်နဲ့ အောဂတ်စတက်တို့ရဲ့ အမှတ်တမဲ့တိုက်မိရာကနေ အမှတ်တရနေ့စွဲလေးတွေ ဖြစ်လာတာပါပဲ။

ခံစားချက်တူ လူနှစ်ယောက် ကိုယ့်ကိုယ်ကိုထက် တစ်ယောက်ကိုတစ်ယောက် ပိုနားလည်နိုင်တဲ့ထိ ရင်ဘတ်ချင်းနီးစပ်လာခဲ့ကြတယ်။ တနေ့မှာ ဟေဇယ့်အကြိုက်ဆုံးစာရေးဆရာကို ဟေဇယ်မေးချင်တာတွေ ကိုယ်တိုင်မေးနိုင်ဖို့ အမ်စတာဒမ်ကို သွားခွင့်ကြုံလာတဲ့အခါ အောဂတ်စတက်ရဲ့ နားလည်နွေးထွေးမှုတွေနဲ့အတူ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ပုံရိပ်တစ်ခု။

နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ ရက်စက်တဲ့ သေခြင်းတရားတို့ကြားက အားပြိုင်မှုတစ်ခု စတာတွေကို သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းမှာ ကြည့်ရှုခံစားနိုင်မှာပါ။