အခုခေတ်မှာ အသားအရေကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းမျိုးစုံ ပြောင်းလဲအသုံးပြုလာကြပါတယ်။ တစ်ခါတစ်ရံကိုယ်သုံးတဲ့ပစ္စည်းကြောင့် ကိုယ့်အသားအရေ ပျက်စီးထိခိုက်တာမျိုးကိုလည်း ကြားဖူး၊ ကြုံဖူးကြပါရဲ့။ ဘယ်လိုပဲမဆို အလှကုန်ပစ္စည်းတွေအားလုံးက သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်တာမို့ သဘာဝက ပြေးမလွတ်ပါဘူး။

ရှေးအခါက အမျိုးသမီးတွေဆိုရင် သဘာဝကိုပဲအားကိုးပြီး အလှအပတွေကို ရယူကြရတယ်။  အခုလည်း ရှေးခေတ်အာရှအမျိုးသမီးတွေရဲ့ အလှအပလျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့ကြပါပြီ။ အဲ့ဒါဘာလဲဆိုရင်တော့ ဆန်ဆေးရည်နဲ့ အရေပြားသန့်စင်ခြင်းပါပဲ။

ဆန်ဆေးရည်မှာ ဗီတာမင် B1, C, E အပြင် သတ္တုဓာတ်တွေပါဝင်တာကြောင့် ချွေးပေါက်ကျဉ်းစေပြီး၊ အသားအရေကို တင်းရင်းတောက်ပ ချောမွတ်လာစေပါတယ်။ အဲ့ဒီ့အပြင် ဆန်ဆေးရည်က နေရောင်ခြည်ဒဏ်ကနေ ကာကွယ်‌ပေးတယ်လို့တောင် သိလာရပါတယ်။

ဆန်ဆေးရည်လုပ်မယ်ဆိုလွယ်လွယ်လေးပါ။ ဆန်နို့ဆီခွက် တစ်ဝက်လောက်ကို ဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းထည့်ပါ။ ၁၅မိနစ်လောက်စိမ်ထားလိုက်တဲ့အခါမှာတော့ ဆန်ထဲက ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေက ရေထဲစိမ့်ဝင်သွားပြီမို့ သဘာဝအရေပြားသန့်စင်ဆေးရည်ကို လွယ်လွယ်နဲ့ပဲ ရရှိသွားပါပြီ။ ဆန်ဆေးရည်ကို စစ်ယူလိုက်ပါ။

အသုံးပြုပုံကလည်း လွယ်လွယ်လေးပါ။ ဆန်ဆေးရည်နဲ့ မျက်နှာကို ပက်ဖျန်းဆေးလိုက်ရုံနဲ့ အသားအရည်လေးကို ကြည်ဝင်းပြီး နူးညံ့လာစေမှာပါ။ လိုသလောက်သုံပြီးတာနဲ့ ပိုလျှံတဲ့ဆန်ဆေးရည်ကို လေလုံတဲ့ ပုလင်း(သို့)ဘူးထဲထည့်ပြီး အဖုံအလုံပိတ်ကာ ရေခဲသေတ္တာထဲထည့်သုံးလို့ရပါတယ်။ (၅)ရက်ထက်တော့ပိုမသုံးပါနဲ့။

မျက်နှာသစ်တဲ့အခါတိုင်း ရေအစား ဆန်ဆေးရည်သုံးပေးလည်းရပါတယ်။ ဒီ့အပြင် ဆံပင်ပျော့စင်းစေဖို့အတွက်လည်း ဆန်ဆေးရည်ကို အသုံးပြုပြီးခေါင်းလျှော်လို့ရပါသေးတယ်။ ဆန်ဆေးရည်ရဲ့အာနိသင်က မနည်းတဲ့အပြင် အိမ်မှာပဲလွယ်လွယ်ကူကူလုပ်လို့ရတာမို့ အိမ်တွင်းသဘာဝအသားကြည်ဆေးရည်ကို ကိုယ်တိုင်အသုံးပြုပြီး လှပနိုင်ကြပါစေ။