ဒီကာလမှာ COVID-19 နဲ့ ရာသီတုပ်ကွေးစတဲ့ ကူးစက်ရောဂါတွေ အလွယ်တကူမဝင်နိုင်အောင် ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် လုံလောက်တဲ့အိပ်စက်အနားယူမှု၊ မျှတတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့အတူ အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံတွေရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကိုယ်ခံအားစနစ်ပိုကောင်းလာအောင် ထောက်ပံ့ပေးနိုင်မယ့် အစားအသောက်တွေ အကြောင်းကို မျှဝေပေးချင်ပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ Flavonoid Antioxidents ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အဆီပါဝင်တဲ့ငါး

အဆီဓာတ်များတဲ့ ဆယ်လ်မွန်၊ တူနာစတဲ့ပင်လယ်ငါးတွေမှာပါဝင်တဲ့ အိုမီဂါ- ၃ ဖက်တီးအက်စစ်က ခုခံအားစနစ်ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အထောက်အကူပြုပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ဟာ ကိုယ်ခံအားစနစ်ကိုအထူးကောင်းမွန်စေတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်အီး၊ ဗီတာမင်စီနဲ့ Flavonoids စတဲ့ ခုခံအားကိုအထောက်အပံ့ဖြစ်စေတဲ့ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာလည်း ကိုယ်ခံအားကိုအထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်စီနဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်တဲ့အတွက် ပုံမှန်စားသုံးသင့်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်ကိုဟင်းချက်တဲ့နေရာအပြင် တစ်ချို့သော တိုင်းရင်းဆေးဝါးတွေမှာလဲထည့်သုံးကြပါတယ်။ နနွင်းမှာ ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရောင်ရမ်းမှုဖြစ်စဉ်ကိုကာကွယ်ပေးတဲ့ Curcumin လို့ခေါ်တဲ့ Antioxidants ဓာတ်တွေပါဝင်ပါတယ်။

ဂျင်း

ဂျင်းမှာလည်း နနွင်းနဲ့တူတဲ့အကျိုးအာနိသင်တွေပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ခုခံအားတက်စေတဲ့အပြင် အအေးမိဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ ဗီတာမင်အေ နဲ့ Antioxidants တွေပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်အတွက်သာမက အသားအရေကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

ကီဖာ (Kefir)

ကီဖာဟာ အချဉ်ဖောက်ထားတဲ့ Probiotic သောက်စရာတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားကိုမြင့်တက်စေတဲ့အပြင် မကောင်းတဲ့ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အကျိုးပြုပိုးတွေလည်းပါဝင်ပါတယ်။

လက်ဖက်စိမ်းရည် (Green Tea)

လက်ဖက်စိမ်းရည်က အအေးမိ၊ ချောင်းဆိုးခြင်းတွေကိုကာကွယ်ပေးနိုင်ပြီး ဘလူးဘယ်ရီသီးမှာပါဝင်တဲ့ Flavonoid ဓာတ်လည်းပါဝင်တဲ့အတွက် ခုခံအားကိုကောင်းမွန်စေပါတယ်။

ဗာဒံစေ့

ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ ဗီတာမင်အီး၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီရမ်နဲ့ သံဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

နေကြာစေ့

နေကြာစေ့မှာတော့ ခုခံအားကောင်းစေတဲ့ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပါတယ်။

Dark Chocolate

Dark Chocolate ဟာ ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်တဲ့အပြင် သူ့မှာ ခန္ဓာကိုယ်တွင်း ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တစ်မျိုးလည်းပါဝင်ပါတယ်။

လိမ္မော်သီးနဲ့ ကီဝီသီး

အအေးမိပြီး ကိုယ်ခံအားကျဆင်းလာပြီလို့ခံစားရတဲ့အချိန်မျိုးမှာ ဗီတာမင်စီကြွယ်ဝတဲ့အသီးတွေဖြစ်တဲ့ လိမ္မော်သီးနဲ့ ကီဝီသီးတို့ကိုစားသုံးသင့်ပါတယ်။

ငရုတ်ပွသီး

ငရုတ်ပွသီးမှာ ခုခံအားကောင်းစေတဲ့ ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသီးအနှံတွေထက်သကြားဓာတ် ပါဝင်မှုပိုနည်းပါတယ်။

Photo Source: Pinterest

by MyStyle Myanmar