အလုပ်အကိုင်တစ်ခုဟာ လူတစ်ယောက်အတွက် အဆင့်အတန်းတစ်ခုအဖြစ် ဖော်ညွှန်းခံရစမြဲပါ။ ဒါကြောင့်ပဲ အလုပ်အကိုင်လမ်းကြောင်းတစ်ခုနောက် လိုက်တော့မယ်ဆိုရင် အများကြီးအချိန်ပေး သုံးသပ်စဉ်းစားချိန်ဆရတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မဝင်ရသေးတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သိစရာတွေ အများကြီး ရှိသလို ကြိုပြီး စဉ်းစားထားရမယ့် မေးခွန်းတွေလည်း ရှိနေပါတယ်။ အခုမေးခွန်းတွေဟာ ကျောင်းပြီးလို့ ဘွဲ့ရခါစ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။

(၁) အတွေ့အကြုံတွေ ရှိထားသလား

Photo: Freepik

လုပ်ငန်းခွင်ထဲ ဝင်တော့မယ်ဆိုရင် ပထမဆုံး မေးကြည့်ရမှာက အဲ့အလုပ်အကိုင်နဲ့ ဆိုင်တဲ့ အတွေ့အကြုံ ကိုယ့်မှာ ရှိထားသလားဆိုတာပါပဲ။ ဥပမာ_ ကျောင်းမှာ သင်ခဲ့တဲ့ ဘာသာရပ် ၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ ပရောဂျက်နဲ့ စာတမ်းတွေ ၊အလုပ်သင်ဆင်းခဲ့ဖူးတဲ့ အတွေ့အကြုံ စတာတွေ ဖြစ်ပါတယ်။

(၂) ဘာဖြစ်ချင်တာလဲ ၊ ရည်ရွယ်ချက်က ဘာလဲ

Photo: Freepik

ငါဖြင့် အရွယ်ရောက်လာရင် ဘယ်လိုလူဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိခဲ့သလား ။ ငယ်ငယ်က စိတ်ကူးယဉ်အိပ်မက်တွေဟာ အသက်ကြီးလာချိန်မှာ ရည်မှန်းချက်တွေ ဖြစ်ခဲ့ရင် ကောင်းပါတယ်။ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့သူဟာ သူ့လုပ်ငန်းခွင်နယ်ပယ်မှာလည်း ထိရောက်အောင်မြင်ဖို့ များပါတယ်။

(၃) ကြီးပွားနိုင်သလား

Photo: Freepik

ကိုယ်သွားမယ့် လမ်းကြောင်းမှာ အောင်မြင်ကြီးပွားနိုင်မလားလို့ သေချာစဉ်းစားကြည့်ပါ။ ဝါသနာပါတာလောက်နဲ့ အလုပ်မဖြစ်တာတွေကို ပြန်စဉ်းစားပါ။ ကိုယ့်ရဲ့ ဝါသနာဟာ ကိုယ့်ရဲ့ အားသာချက်နဲ့ ကိုက်ညီသလား။ ကိုယ်ရွေးလိုက်တဲ့ အလုပ်အကိုင်နယ်ပယ်ဟာ ရှေ့လျှောက် အလားအလာကောင်းနိုင်သလား။ နောက်ထပ်ရော ဘယ်လိုလမ်းကြောင်းတွေဆီ တက်လှမ်းသွားနိုင်သလဲ စသည်ဖြင့် ရှေ့ကို ကြိုကြည့်လိုက်ပါ။

(၄) အနာဂါတ်ကို ဘယ်လိုမြင်သလဲ

Photo: Freepik

အလုပ်အကိုင်တစ်ခု ရွေးတော့မယ်ဆိုရင် အရှည်သဖြင့်ပါ ကြည့်ဖို့ လိုပါတယ်။ နောက်ဆယ်နှစ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနေရာမှာ မြင်မယ်လို့ ထင်သလဲ။ ကိုယ့်စိတ်ထဲက ရှေ့ရေးအမြင်က ဘယ်လိုလဲ။ အဲ့ဒီမျှော်မှန်းချက်နောက် လိုက်ဖို့ အဆင်သင့် ဖြစ်နေပြီလား။

ဘယ်အလုပ်ပဲလုပ်လုပ် အခက်အခဲ အကြပ်အတည်းတွေဆိုတာ ကြုံစမြဲဖြစ်လို့ အခုပြောတဲ့ မေးခွန်းတွေကို ရေလည်ပတ်လည် ကျကျနန အမေးအဖြေလုပ်ပြီးမှ လုပ်ငန်းခွင်ထဲ ဝင်တာဟာ အနာဂါတ်ကို ပြင်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။ အနာဂါတ်ကို ပြင်ဆင်ထားသူသာ ကိုယ့်ကိုယ်ကိုယ် ‌မော်ဒယ်မြှင့်ထားသူလို့ ဆိုရမှာပါ။